ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ ပြည်သူများ ပြန်လည်နေထိုင်ရန် မသင့်သေးကြောင်း တောင်ပိုင်းစစ်ဒေသ၊ ကျားဖြူစစ်ကြောင်းမှ ဒုတိယစစ်ကြောင်းမှူးက ပြောသည်။
ကော့ကရိတ်မြို့နေ ပြည်သူများကို စစ်ရှောင်ခြင်းမပြုဘဲ မြို့တွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ရန် ဧပြီ ၂၇ ရက်တွင် စစ်ကောင်စီတပ်က အသိပေးဆော်ဩခဲ့ခြင်းအပေါ် ကျားဖြူစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေအနေနဲ့ နေရပ်ပြန်ဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူးထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့(စစ်တပ်)က ပြည်သူကို လူသားဒိုင်းသော်လည်းကောင်း ဒါမှမဟုတ်လို့ရှိရင် PDFအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်မပစ်အောင် ကာဗာလုပ်တဲ့သဘောမျိုးလို့မြင်တယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ဧပြီ ၂၈ရက်နေ့မှ စတင်ကာ ကော့ကရိတ်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများရှိသော်လည်း လူဦးရေ ၁၀၀ ပင်မပြည့်ကြောင်း ကော့ကရိတ်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ကော့ကရိတ်ထဲ ပြန်ဝင်မယ်ဆိုရင်တော့ PDF နဲ့ KNUနဲ့ မပတ်သက်ကြောင်း လက်မှတ်ထိုးရတယ်။ မှတ်ပုံတင်နဲ့စစ်တယ်ဆိုပေမယ့် ပြေးရင်း ပျောက်သွားတယ် ဘာညာ ရွှီးရတော့ သူတို့(စစ်တပ်)ဘက် က လက်မှတ်ထိုး၊ဓာတ်ပုံရိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။
မြို့တွင်း၌ တိုက်ပွဲဖြစ်လျှင် ခဏသာဖြစ်မည်ဟု ထင်ကြသူများက ကော့ကရိတ်မြို့ထဲသို့ ပြန်လည် ဝင်ရောက်နေထိုင်ကြပြီး အချို့မှာမူ အိမ်ပျက်စီးမှုရှိ၊မရှိ လာကြည့်ကြသူများသာဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ကော့ကရိတ်မြို့တွင်း၊မြို့ပြင် နေရာအချို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့မှု့ နေ့စဉ်ဖြစ်ပွားလျက်ရှိသဖြင့် စစ်ကောင်စီက ဌာနဆိုင်ရာများ ဖွင့်လှစ်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း ကျားဖြူစစ်ကြောင်းထံက စုံစမ်းသိရသည်။
အောင်ဇေယျစစ်ဆင်ရေးဟု အမည်ပေးထားသော စစ်ကောင်စီစစ်ကြောင်းသည် စစ်သားအင်အား ထောင်ချီဖြင့် မြဝတီမြို့အရောက် ထိုးဖောက်ရန် ကြိုးစားလျက်ရှိရာ မြဝတီနှင့်ကော့ကရိတ်ကြား အာရှလမ်းပေါ်ရှိ KNLAပူးပေါင်းတပ်၏ အပြင်းအထန်ခုခံတိုက်ခိုက်ခြင်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။