စစ်အာဏာရှင်များလက်ထက်တစ်လျှောက် မကြုံစဖူး အဆိုးရွားဆုံးအခြေအနေဖြင့် အရေးပေါ်ခန်း ထဲရောက်နေသော စစ်ကောင်စီမှာ လုပ်မိလုပ်ရာ တရုတ်ဆန့်ကျင်ရေးကြွေးကြော်သံဖြင့် ရန်သူထပ်မွေး လိုက်ပြန်ပြီဖြစ် သည်။
ဒုတိယအာဏာရှင်သန်းရွှေလက်ထက်မှစ၍ ဒေသတွင်းမဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် အခိုင်အ အမာရပ်တည်ပေးခဲ့သော ဆွေမျိုးပေါက်ဖော်ကြီးမှာ ယခုအခါတွင်မူ နေပြည်တော်စစ်ဗိုလ်ချုပ်တို့ ရေးသား လိုက်သောဇာတ်ညွှန်း၌ ကျူးကျော်သူ ဗီလိန် ဖြစ်ရလေပြီ။
၁၀၂၇စစ်ဆင်ရေးနှင့် နောက်ဆက်တွဲ စစ်ဆင်ရေးများအရ စစ်ကောင်စီတပ်စခန်းတို့ ပြန်လမ်းမရှိ သိမ်းပိုက်ခံထားရသည်မှာ အရေအတွက်ပေါင်း ၂၀၀ သို့ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သလို ရှမ်းပြည်နယ် မြောက်ပိုင်း၊စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်တို့တွင် တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခံရပြီးနောက် ကြံရာမရ သောစစ်ကောင်စီမှာ အမိမြေကို ကာကွယ်ကြ ဆိုသည့် ဇာတ်ညွှန်းဖြင့် ထွက်ပေါက်ရှာကြည့်လိုက်ပုံရသည်။
နိုဝင်ဘာလလယ်ပိုင်းမှ စ တင်ကာ ဖုန်တက်နေသည်မှာ ကြာပြီဖြစ်သော ဒံပေါက်တစ်ထုပ်နှင့် ၅၀၀၀ စား ဘာသာရေးအစွန်းရောက် များအား ပြန်လည်ပွဲထုတ်ကာ တရုတ်ဆန့်ကျင်ရေးအလံတော်ကို မရဲတရဲ စလွှင့်တော့သည်။
နိုဝင်ဘာ၁၉ရက်နေ့တွင်မူ ဘောလုံးအသင်း၂သင်းစာဝန်းကျင်ရှိ လူအင်အားဖြင့် ရန်ကုန်မြို့တော်ခန်း မ ရှေ့သို့ ဘာသာရေးအစွန်းရောက်တို့ ရောက်ရှိလာကြသည်။ဘာသာရေးအစွန်းရောက်တို့၏ ဇာစ်မြစ်နှင့်လာ ရာ လမ်းမှာ စစ်ကောင်စီ လက်ညှိုးညွှန်ရာတွင် သတိဆွဲရပ် ခိုင်းရာလုပ်ကြရသူများဖြစ်ကြောင်း NLDအစိုးရ လက်ထက်ကိုသိမှီလိုက်သူတိုင်း နောကျေပြီးဖြစ်သလို တရုတ်အစိုးရသည်လည်း ရန်ကုန်မြို့၊တရုတ်တန်းသို့ တစ် ပတ် လှည့်မေးစရာမလိုဘဲ သိပြီးဖြစ်သည်။
ဘာသာရေးအစွန်းရောက်တို့က နေပြည်တော်စစ်ဗိုလ်ချုပ်တို့၏ သွန်သင်မှုအတိုင်း ဗီ နိုင်းကိုင် ဆန္ဒပြ ကြသည်။“ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်မြောက်ပိုင်းမှ အကြမ်းဖက်သောင်းကျန်းသူများကို ကူညီပံ့ပိုးနေ မှုများ ရပ်တန့်ရန် တောင်းဆိုသည်”။ “ဒါ ငါတို့တိုင်းပြည်၊ငါတို့ ပြည်ထောင်စု၊ငါတို့ ပြည်တွင်း ရေး”။“ပြည် တွင်း ရေး ကို ဝင်ရောက် နှောက်ယှက်သူများအား ဆန့်ကျင်ကြ” စသည့် စာသားပါ ဗီနိုင်းများဖြင့် ပြတ်ပြတ် သားသား တရုတ်ဆန့်ကျင်ကြကုန်သည်။ထိုဆန္ဒပြပွဲတွင် ဘာသာရေးအစွန်းရောက် ဦးပညာဝံသ က တရုတ် သည် ညီနောင်၃ဖွဲ့နှင့် PDFများကို လက်နက် တပ်ဆင်ပေးနေသည်ဟုပင် ဆိုလိုက်သေးသည်။
ထို့နောက် မြို့တော်ခန်းမ မှ တရုတ်သံရုံးသို့ ဆန္ဒပြချီတက် ကြရာ၌ တရုတ်သည် မြန်မာပြည်တွင်း ရေး ကို ဝင်စွက်ဖက်နေကြောင်း အမြတ်ထုတ်ရန်ကြံစည်နေကြောင်း အော်ဟစ်ခဲ့ကြရုံတင်မက “ငါတို့ သံဃာနဲ့ပြည်သူက တရုတ်ကို တိုက်ခိုက်မယ်”ဟုတောင် လက်သီးလက်မောင်းတန်းလိုက်သေးသည်။
ထိုသို့ ဆန္ဒပြပြီး နောက်တစ်ရက် နိုဝင်ဘာ၂၀ရက်ရောက်တော့ စစ်ကောင်စီပြောခွင့်ရ က ကျူးကျော် စစ် ဟုသုံးနှုန်းကာ မီးဇာကို ထပ်မံမြှင့်တင်လိုက်သည်။ထို့နောက် နိုဝင်ဘာ၂၃ရက်၊စစ်ကောင်စီခန့် နိုင်ငံခြား ရေး ဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai တို့ နေ့ပြည်တော်တွင် တွေ့ဆုံခြင်း။ စစ် ကောင်စီ၏ထုတ်ပြန်ချက်၌ ၂နိုင်ငံဆက်ဆံမှု တိုးတက်ခိုင်မာရေး၊အကျိုးတူစီမံကိန်းများ ဆက်လက်ဖော် ဆောင်ရေးနှင့် ၂နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် အမြင်ချင်းဖလှယ်ကြသည်ဟု ဖော်ပြသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကမူ နှစ်ဖက် အတူတကွ ဂရုပြုကြသည့် ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ကြသည်ဟုသာ တိုတိုတုတ်တုတ် ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုဝင်ဘာ၂၄ရက်ညတွင် ကိုးကန့် MNDAAက လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ်၏ နောက်ဆုံးတောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဖြစ်ပြီး MNDAA၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့သို့ ဦးတည် လာ နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဆက်တိုက်ဆိုသလိုပင် တရုတ်စစ်တပ်သည် မြန်မာနှင့်ကပ်လျက်နယ်စပ်တွင် နိုဝင်ဘာ၂၅ရက်၌ စစ် ရေးလေ့ကျင့်မှုစတင်လိုက်ခြင်းမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် စစ်ဆင်ရေးတို့၏ နောက်ဆက်တွဲဟု ဆိုနိုင်ပေသည်။
စစ်ကောင်စီသည် တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို အဘယ့်ကြောင့်ဖန်တီးရသနည်း။စစ်ကောင်စီ က ၁၀၂၇စစ်ဆင်ရေးကို တိုင်းတစ်ပါးသားတရုတ်နိုင်ငံ၏ ကျူကျော်စစ်ဟု ပုံဖော်ကာ နွေဦးတော်လှန်ရေးကို ပုံဖျက်လိုခြင်းနှင့် အစွန်းရောက်အမျိုးသားရေးအမြင်ကို မြှင့်တင်ကာ ပြည်သူကိုလမ်းလွဲသို့ ဆွဲခေါ်နိုင်မည် လား ဆိုသည့် စိတ်ကူးယဉ် ရူးမိုက်ချက်ပင်ဖြစ်သည်။
လက်တွေ့ရလဒ်မှာမူ စစ်အာဏာရှင်တို့၏ အစဉ်အလာမဟာမိတ် အိမ်နီးချင်း အင်အားကြီးတရုတ်၏ ရပ်တည်ပေးမှုကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိပြီး စစ်ကောင်စီသည် နေပြည် တော်ကျ ဆုံးခန်းဆီသို့ နောက်ထပ် ခြေ တစ်လှမ်း အောင်မြင်စွာ လှမ်းလိုက်နိုင်ခြင်းပင်ဖြစ်သည်။