နွေဦးတော်လှန်ရေးတွင် မြှုပ်နှံလိုသူများကို ကြိုဆိုကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ ဒုစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။
KNDF သည် စစ်တပ်ဖြစ်သဖြင့် စစ်တိုက်နိုင်သူများကို ပို၍ လိုချင်ကြောင်း တော်လှန်ရေးတွင် ကျဆုံး၊ ထိခိုက် များစွာ ရှိသော်လည်း အင်အားလျော့သွားခြင်းမျိုးမရှိဘဲ တစ်ရက်ထက် တစ်ရက် ပိုမိုတိုးပွားလာနေကြောင်း ၎င်းကပြောသည်။
“ စစ်မှုထမ်းဥပဒေကို ရှောင်ချင်လို့ ကျတော်တို့ဆီကို လာတာမျိုး လက်မခံပါဘူး။ တကယ့် ပြည်သူလူထုအတွက် အလုပ်လုပ်ချင်လို့ဆိုတဲ့သူမျိုးကို ပိုပြီး လက်ခံပါတယ်။ သို့သော် တစ်ဖက်မှာလည်း စစ်မတိုက်လိုဘူး။တခြားသော နေရာကနေ ထောက်ပံ့ပေးနိုင်တာမျိုး၊ နည်းလမ်းပါင်းစုံကနေ ပါဝင်နိုင်ပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီက MPAသို့ ပြောသည်။
ပြည်သူလူထုအနေဖြင့် တော်လှန်ရေး မပြီးသရွေ့ ကြံ့ကြံ့ခံ ရပ်တည်အားပေးစေလိုကြောင်းလည်း ကို မာဝီက ဆိုသည်။
ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေတစ်နေရာတွင် KNDF ဗျူဟာ အမှတ် ခုနှစ်၏ အပတ်စဉ် တစ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ယနေ့ (ဧပြီ ၃၀ရက်) ကျင်းပခဲ့ပြီး သင်တန်းသား ၅၀၀ ကျော်ကို မွေးထုတ်ခဲ့ကြောင်း သိရသည်။
“ ဒီနေ့ ဗျုဟာ ခုနှစ် ဖွဲ့တယ်။ ဖွဲ့ပြီးတော့ သူတို့ စိတ်ဝင်စားတဲ့ တက်ကျွမ်းတဲ့အပိုင်းကို သွားကြတယ်။ တိုက်ခိုက်ရေး၊ ဒရုန်း၊ ထောက်ပို့၊ ကျန်းမာရေး(ဆေး) အမျိုးအစားတွေကွဲတယ်။ တပ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေ ရှိဖို့လိုအပ်တယ်” ဟု ကိုမာဝီက ပြောသည်။
တော်လှန်ရေးအပေါ် ကူညီချင်သူအားလုံးကို လက်ကမ်းကြိုဆိုနေကြောင်းလည်း ကိုမာဝီက ဆိုသည်။