စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊မင်းတပ်မြို့ နယ်အတွင်းရှိ ဝမ္မသူးဆေးရုံ ပျက်စီးသွားသည့်အတွက် အရေးပေါ်ဆေးဝါးကုသရန် အကူအညီ များစွာလိုအပ်နေ ကြောင်း သိရသည်။
ဧပြီ၂၅ရက်ညက ဝမ္မသူးဆေးရုံကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာ လေးဦးနှင့် လူနာစောင့် တစ်ဦး သေဆုံးခဲ့ကာ လူ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဧပြီ၂၈ရက်၌ ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့ရာ ဆေးရုံမှာ လုံးဝပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“ ကျွန်တော်တို့က လူနာဆောင်တစ်ဆောင်ပေါ့နော်။ပြီးတော့မှ ခွဲစိတ်ခန်းအသေးစား နှစ်ခု၊ သုံးခု လောက်ပေါ့လေ။ကျေးရွာတွေရဲ့တောတောင်တွေထဲမှာပေါ့။လုံခြုံတဲ့နေရာတွေမှာ ထားမယ်။ ဆရာဝန်တွေကလည်း ရွေ့လျားပေါ့။ မိုဘိုင်းသွားမယ်။တစ်နေရာကနေ တစ်နေရာ ရွှေ့သွားမယ်။ အဲ့လိုမျိုး လုပ်ဖို့ပေါ့” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က MPAသို့ ပြောသည်။
ဗုံးကြဲခံရမှုကြောင့် ဆေးဝါးများရော စက်ပစ္စည်းများပါ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လတ်တလော ကုသရန် လိုအပ်နေသော လူနာများအတွက် ဆေးဝါးလိုအပ်နေကြောင်းလည်း သိရသည်။
“ ဆေးရုံကလုံးဝပျက်သွားတဲ့အပြင် ဆရာ၊ဆရာမတွေဆို ဖိနပ်ကအစ မပါဘဲ ပြေးရတဲ့အတွက် အကုန်လိုအပ်နေပါတယ်။ဆေးရုံနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဗုံးကြဲစဉ်မှာရော မြေပြင်မှာရော အခုထိရှိနေတဲ့ ဆရာယောမာန်နဲ့ တခြားတာဝန်ရှိသူတွေ အလှူခံနေကြပါတယ်” ဟု ဝမ္မတူးရွာ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
ဆေးဝါးကုသခြင်း လုပ်ငန်းစဉ်များပြန်လည် လည်ပတ်နိုင်ရေးအတွက် ရည်မှန်းအလှူငွေ ကျပ်သိန်း ၁၅၀၀ လိုအပ်နေပြီး လက်ရှိတွင် အလှူငွေ ကျပ်သိန်း ၂၀၀သာ ရရှိသေးကြောင်း ဆလိုင်းယောမာန် က ပြောသည်။
“ အရေးပေါ်လိုနေတာတွေက ခွဲစိတ်ပစ္စည်းဖြစ်ဖြစ် ဥပမာ ဓာတ်ဆီမီးစက် အဲ့လိုမျိုး လိုအပ်တယ်။အဲ့ထက် ပိုအရေးကြီးတာက ဆရာဝန်တွေ၊သူနာပြုတွေ၊ဆေးဝန်ထမ်း တွေအကုန်လုံး အဝတ်အစားတွေကအစပေါ့။သွားလာဖို့ ဆိုင်ကယ်တွေ၊ဖိနပ်တွေကအစ တော်တော်များများ ဗုံးကြဲတဲ့အထဲပါသွားတဲ့အပြင် စားဖို့သောက်ဖို့ ဆန်၊ဆီ၊ဆားကအစပေါ့နော်။ ပြန်စရမယ့်အခြေအနေရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ်၊တောင်ပိုင်းသာမက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့က တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများ အားထားရာဆေးရုံတစ်ရုံ ဖြစ်ကြောင်း MPA က စုံစမ်းသိရသည်။