ရန်ကုန်တိုင်းရှိ မြို့နယ်အလိုက် လိုင်စင်ထုတ်ပေးထားသည့် ဘေးတွဲဆိုင်ကယ်များအား စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတို့ပေါင်းကာ ရှောင်တခင်ဖမ်းဆီးပြီး ငွေညှစ်လျှက်ရှိကြောင်း ဘေးတွဲမောင်းသူများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဘေးတွဲဆိုင်ကယ်များ မောင်းသည့် လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိလာခဲ့ပြီး စစ်ကောင်စီက မြို့နယ်အလိုက် စီးနင်းခွင့် လိုင်စင်များကို ငွေကြေးရယူကာ လုပ်ဆောင်ပေးထားခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများသည် လိုင်စင်ဖြင့် ဘေးတွဲမောင်းသူများကို ရှောင်တခင်ဖမ်းဆီး ပြီးငွေညှစ်နေခြင်း ဖြစ်သည်ဟု သာကေတမြို့နယ်မှ ဘေးတွဲဆိုင်ကယ်သမားတစ်ဦးကပြောသည်။
“ လိုင်စင်ရှိလည်း ဖမ်းတယ်။ သူတို့ပေးတဲ့ ကုဒ် သူတို့ပေးတဲ့ လိုင်စင်နဲ့ကို ဖမ်းတာ၊ အဲ့ဒီတော့ ဖမ်းပြီဆို အချင်းချင်း အသိပေးပြီး ရှောင်ကွင်း သွားလာရတယ်” ဟု သာကေတမြို့နယ်မှ ဘေးတွဲသမားတစ်ဦးက ရှင်းပြသည်။
ထိုကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက ဘေးတွဲဆိုင်ကယ်သမားများကို ငွေညှစ်ရာတွင် အနည်းဆုံး ကျပ်တစ်သောင်းပေးမှသာ ပြန်လွှတ်ပေးကြောင်း ငွေညှစ်ခံခဲ့ရသည့် တောင်ဒဂုံမြို့နယ်ရှိ ဘေးတွဲသမားတစ်ဦးက ပြောသည်။
“ အဖမ်းခံရရင် တစ်သောင်းပေးရတယ်။ အနည်းဆုံးပဲ၊ လိုင်စင်ရှိလည်း ပေးရတာပဲ၊ သူတို့က အတင်းတောင်းတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီစျေး တစ်လီတာ သုံးထောင်ဖြစ်နေပြီး ကုန်စျေးနှုန်း အဆမတန်မြင့်နေသည့် ကာလ၌ ရဲနှင့် စစ်သားများက ဘေးတွဲဆိုင်ကယ်သမားများကို ငွေညှစ်နေမှုကြောင့် စားဝတ်နေရေး မပြေလည်သည့် ပြသနာကို ကြုံတွေ့နေရကြောင်းလည်း ဘေးတွဲဆိုင်ကယ်သမားများထံမှ စုံစမ်းသိရှိရသည်။
“ တစ်ရက် သုံးသောင်းလောက်မှ မရရင် အဆင်မပြေဘူးဗျ၊ ဆီဖိုးက တစ်သောင်း၊ စားစရိတ်သောက်စရိတ် ကလေးကျောင်းစရိတ်တွေက ရှိသေးတယ်။ ဒီကြားထဲ အဖမ်းခံရရင် တစ်သောင်း နှစ်သောင်းက ပေးရရော။ အဲ့ဒီအခါကျ အဆင်မပြေတော့ဘူး” ဟု သာကေတမြို့၊ ၁၀ရပ်ကွက်မှ ဘေးတွဲသမားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရဲနှင့်စစ်သားများက ဘေးတွဲဆိုင်ကယ်သမားများကို ငွေညှစ်ခြင်းနှင့် စက်သုံးဆီစျေးနှုန်း ကြီးမြင့်နေခြင်းတို့ ကြောင်း ဘေးတွဲဆိုင်ကယ်သမားများသည် ဆိုင်ကားပြန်ပြောင်းနင်းရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။