မကြာသေးခင် ရက်ပိုင်းက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မျက်နှာလို မျက်နှာရ မြှောက်ပင့် ပြောဆို ဖားယားခဲ့သော ကျူးကျော်ရေးသမား ရုရှား သမ္မတ ပူတင်၏ နိုင်ငံရေး သြဇာ အာဏာ နိမ့်ပါးမည့် အခြေအနေ ဖြစ်ပေါ်လာသည်ကို တွေ့မြင်လာရပါသည်။
အသက် ၆၉ နှစ်ရှိပြီ ဖြစ်သည့် သမ္မတ ပူတင်သည် ပြည်တွင်း ဆန့်ကျင်ရေး ကြီးမားလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သူ၏ အစိုးရ အာဏာပိုင်များ ကိုယ်တိုင် ပူတင်ကို နုတ်ထွက်ရန် တောင်းဆိုလာနေကြသည်။
မော်စကို နှင့် စိန့်ပီတာစဘတ် မြို့ကြီးများ အပါအဝင် ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ဒု မြို့တော်ဝန်များ ပါဝင်သည့် လူ ၁၀၀ ခန့်က သမ္မတ ပူတင် နုတ်ထွက်ပေးရန် လက်မှတ်ထိုး တောင်းဆိုထားသော အိတ်ဖွင့် ပေးစာကို စက်တင်ဘာ ၁၂ ရက်က ပူတင်ထံ ပေးပို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ရုရှား သတင်းဌာနများက ရေးသား ဖော်ပြသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှု ပြုလုပ်ခြင်းနှင့် မအောင်မြင်သော ယူကရိန်း ကျူးကျော်စစ်ကြောင့် နုတ်ထွက်ရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ရုရှားနိုင်ငံ၏ ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် သမ္မတ ပူတင် လိုလားသည့် ကိုယ်စားလှယ်လောင်းများက မဲလိမ်၊ မဲခိုးမှု အပါအဝင် မဲမသမာမှု ဒါဇင်ပေါင်းမျာစွာ ရှိနေကြောင်း လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်ကိုလည်း တွေ့ရသည်။
“သမ္မတ ပူတင်ရဲ့ လုပ်ဆောင်ချက်များဟာ ရုရှား နဲ့ ရုရှားနိုင်ငံသားများရဲ့ အနာဂတ်ကို ဖျက်ဆီးနေခြင်း ဖြစ်တယ်” ဟုလည်း အထက်ပါ အိတ်ဖွင့် ပေးစာထဲတွင် ဖော်ပြထားသည်။
သမ္မတ ပူတင်အပေါ် သစ္စာခံသည့် ရုပ်သံ သမားများကပင် ဆန့်ကျင်မှု ရှိလာကြောင်း သတင်းများတွင် တွေ့ရှိလာရသည်။
ရုရှား-ယူကရိန်း ကျူးကျော်စစ် အစကပင် ပူတင်ကို ရုရှား ပြည်သူများ၏ ဆန့်ကျင် ဆန္ဒပြမှုများ ရှိနေခဲ့သည်။
သို့သော် ပူတင် အာဏာ လက်လွှတ်နိုင်လောက်သော အခြေအနေ မဟုတ်သေးကြောင်း သုံးသပ်ချက်များ ရှိနေပြီး အောင်ပွဲခံမည့် အလားအလာ နည်းလာခြင်းသည် အခြေအနေကို တဆစ်ချိုး ပြောင်းလဲသွားစေနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေပါသည်။
ရွာလွန် ရွက်တိုက်နေသော သမ္မတ ပူတင်၏ အမိန့်ဖြင့် ရုရှားက ကျူးကျော် သိမ်းပိုက်ခဲ့သည့် နယ်မြေများကို ယူကရိန်းက တန်ပြန် ထိုးစစ်ဆင်ကာ ပြန်လည် ရယူနေချိန်လည်း ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလက စတင်သော စစ်ပွဲဖြစ်ပြီး ၆ လကျော်ကြာလာသည့် ယနေ့အချိန်တွင် ရုရှား ကျူးကျော်ထားသော ကီလိုမီတာ ၆၀၀၀ ခန့် ပြန်လည် သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း ယူကရိန်းက ထုတ်ဖော် ပြောဆိုထားပြီး ရုရှား ဘက်က ကီလိုမီတာ ၃၀၀၀ ခန့် လက်လွှတ် ဆုံးရှုံးခဲ့ရသည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံတွင်တော့ NLD မဲမသမာမှုများ ရှိသောကြောင့် ဟူသည့် အကြောင်းပြချက်ဖြင့် နိုင်ငံ့အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တတိယ အကြိမ် ရှရှားခရီးစဉ်ကနေ စက်တင်ဘာ ၁၁ ရက်မှာ ပြန်ရောက်လာရာ ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြကြောင်း နိုင်ငံပိုင် သတင်းစာများက မျက်နှာပြောင်တိုက် ရေးသား ဖော်ပြကြသည်ကို တွေ့ရှိရသည်။
“ကမ္ဘာ့အလယ် မြန်မာ့ဂုဏ် ဝင့်ထည်စေသော” နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ပြည်သူလူထုများက သောင်သောင်းဖြဖြ ကြိုဆို နှုတ်ဆက် ဆိုသော ခေါင်းစဉ်နှင့် သတင်းစာ မျက်နှာဖုံးကနေ ဖော်ပြထားခြင်းလည်း ဖြစ်ပါသည်။
မင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်နေ့အထိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ မြို့မှာ ၄ ရက်ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022) ကို သွားတက်ခြင်း ဖြစ်သည်။
အဆိုပါ ဖိုရမ်တက်ရင်း အာကာသ သိပ္ပံ ဆိုင်ရာ၊ နျူကလီးယား နည်းပညာ ဆိုင်ရာ၊ စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံ၊ စစ်သုံး ရဟတ်ယာဉ်ထုတ် ဌာန၊ ရေငုတ် သင်္ဘောနဲ့ ဆိပ်ကမ်း စတဲ့ နေရာ ဒေသတချို့ကို သွားရောက် လည်ပတ် ကြည့်ရှုပြီး ၁၀ ရက်ခန့် အကြာမှာ မြန်မာပြည်သို့ ပြန်လာခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံ့ အာဏာကို အရပ်သား အစိုးရထံမှ အဓမ္မ လုယူထားသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့စစ်တပ်ကို မြန်မာတပြည်လုံးရှိ ပြည်သူပြည်သားများက ဆန့်ကျင် တော်လှန်ပြီး ခုခံစစ် ဆင်နွှဲနေသည်ကိုလည်း ကမ္ဘာကအသိ ဖြစ်ပါသည်။
လက်ရှိ စစ်အုပ်စုမှ လွဲပြီး မြန်မာပြည်သူများက လက်မခံသော မင်းအောင်လှိုင်သည် ယခု ရုရှား ခရီးစဉ်တွင် သမ္မတ ပူတင်ကို ဖားယားပြောဆို ဆက်ဆံပြီး ပြန်လာသူလည်း ဖြစ်သည်။
သမ္မတ ပူတင်နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က ရုရှားနိုင်ငံသည် ကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်ကြောင်း၊ သမ္မတ ပူတင်သည် ရုရှားနိုင်ငံ၏ ခေါင်းဆောင်မျှသာမက ကမ္ဘာကြီး တည်ငြိမ် အေးချမ်းရေး အတွက် ဦးဆောင်နေသော ကမ္ဘာ့ ခေါင်းဆောင်ကြီး ဖြစ်ကြောင်း လက်တွေ့အခြေအနေနှင့် ကွာဟပြီး လွန်ကျူးစွာ မြှောက်ပင့် ပြောဆိုခဲ့သူ ဖြစ်ပါသည်။
ထို့ပြင် ရုရှားနိုင်ငံက စက်သုံးဆီများကို ရုရှား လက်ခံသည့် မည်သည့် ငွေကြေးနှင့် မဆို ပေးဝယ်ပါရစေဟု မင်းအောင်လှိုင်က ပြောကြောင်းလည်း ရုရှား သတင်း ဌာန RIA က ရေးထားသည်။
သမ္မတ ပူတင်ကလည်း မင်းအောင်လှိုင်ကို အရှေ့တောင် အာရှ ၏ ယုံကြည်စိတ်ချရသော ရေရှည် လက်တွဲဖော် ဟု ပြောဆိုသွားကြောင်း သိရပါသည်။
ရုရှားနှင့် မြန်မာကြား မင်းအောင်လှိုင် ခရီးစဉ်များ အတွင်း ကဏ္ဍများစွာမှာ သဘောတူ လက်မှတ်ထိုး ချုပ်ဆိုမှုများလည်း ပြုလုပ်ထားသည်။
ဆွီဒင် သတင်းစာ ဆရာ၊ စာရေးဆရာ ဘာတေးလ် လစ်တ်နာ (Bertil Lintner) ကလည်း ရုရှားနှင့် မြန်မာကြား သဘောတူညီချက်များ အားလုံးသည် တရုတ်အပေါ် ယခင်က အလွန်အကျွံ မှီခိုခဲ့ရသည်ကို ပြန်လည် ချိန်ညှိရန် ဖြစ်ကြောင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားထားပါသည်။
တရုတ်က မြန်မာ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အပေါ် ခြိမ်းခြောက်မှု ဖြစ်လာသည်ဟူ၍ မြန်မာ အဆင့်မြင့် စစ် အရာရှိများက ယူဆမှု ရှိသည်ဟုလည်း ဆိုသည်။
မင်းအောင်လှိုင် အနေနှင့် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ၏ ဆန့်ကျင် လက်မခံမှု၊ ပိတ်ဆို့ ဒဏ်ခတ်မှုများ ခံနေရသော သူ့ကို လူရာသွင်းသည့် နိုင်ငံကြီး တစ်နိုင်ငံ ရှိကြောင်း ပြသလိုမှု၊ အသိအမှတ်ပြုခံရမှု၊ အထောက်အပံ့ ရလိုမှုများ အတွက် အရှက်သိက္ခာ မဲ့စွာဖြင့် သမ္မတ ပူတင်၏ သြဇာ အာဏာအရိပ်ကို ခိုလှုံရန် မျက်နှာလို မျက်နှာရ ဖော်လံဖားနေခြင်း ဖြစ်သည်။
တနည်းအားဖြင့် ပူတင်ကို အမှုတွဲ တွဲကာ ၎င်းကျူးလွန်ထားသည့် မြန်မာနိုင်ငံ၏ ပဋိပက္ခ ပြဿနာများ အတွင်း အတင်း ဆွဲသွင်းနေသည့် သဘောလည်း သက်ရောက်သည်။
ထိုသို့သော သမ္မတ ပူတင်ကို ဖားယား ပြန်လာသည့် အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်ကို “ကမ္ဘာ့အလယ် မြန်မာ့ဂုဏ် ဝင့်ထည်စေသော” ဟူသည့် ပကတိ အခြေအနေနှင့် ပြောင်းပြန် ဖြစ်နေသော အသုံးအနှုန်းမျိုးဖြင့် နိုင်ငံပိုင် သတင်းစာများက ထပ်ဆင့်ဖားကာ ပြည်သူ လူထုကို ဝါဒဖြန့်ခြင်း ဖြစ်ပါသည်။
မင်းအောင်လှိုင် ၏ ရုရှားနိုင်ငံ ခရီးစဉ်များကို ပြန်ကြည့်ပါက ခရီးစဉ် ၃ ကြိမ်တွင် ၂ ကြိမ်က ပွဲတက်ရန် ဖြစ်ပြီး ၁ ကြိမ်က သီတဂူ ဆရာတော် ရုရှားမှာ တည်ထားသည့် ရွှေစည်းခုံ ပုံစံတူ စေတီ ထီးတင်ရန် သွားရောက်သော ကိုယ်ရေးကိုယ်တာ ခရီးစဉ် ဖြစ်ပြီး နိုင်ငံတော် အဆင့် တူတူတန်တန် ဖိတ်ကြားခံရသည့် ခရီးစဉ်များ မဟုတ်ပါ။
ဒုတိယ အကြိမ်အနေနှင့် ဇူလိုင်လ အတွင်းက ရွှေစည်းခုံ ပုံစံတူ စေတီ ထီးတင်ရန် သွားရောက်သော ခရီးစဉ်ကို မင်းအောင်လှိုင်၏ အလွတ်သဘော လာရောက်သည့် ခရီးစဉ်အဖြစ် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန် ပြောဆိုထားပါသည်။
ထို့အတွက် ရုရှားက ကော်ဇော်နီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်း မရှိသလို ဒု ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဖိုမင် နှင့်သာ အဆင့်အမြင့်ဆုံးထားပေးကာ ဆက်ဆံစေခဲ့ပါသည်။
ရုရှားက သူ့ဆီက စစ်လက်နက် ဝယ်ယူနေသော ဖောက်သည်နိုင်ငံမှ ကိုယ်စားလှယ် တစ်ဦး အနေဖြင့်သာ ဆက်ဆံသည့် သဘော ဖြစ်ပါသည်။
ယခု မင်းအောင်လှိုင် သမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည် ဆိုရာမှာလည်း အရှေ့ဖျား စီးပွားရေး ဖိုရမ်သို့ လာတက်သည့် နိုင်ငံ ခေါင်းဆောင် ကိုယ်စားလှယ်တိုင်းကို တွေ့ဆုံသလိုမျိုး တွေ့ဆုံခြင်း ဖြစ်ပါသည်။
စီးပွားရေး ဖိုရမ် လာတက်သော အခြားဧည့်သည်များနည်းတူ မင်းအောင်လှိုင်ကိုလည်း စက်တင်ဘာလ ၇ ရက်နေ့တွင် ရုရှား သမ္မတ ပူတင်က လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။
မင်းအောင်လှိုင်၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ဆိုသူကမူ သမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရသည့် ခရီးစဉ်ဖြစ်၍ ယခု ရုရှား ခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ် ဖြစ်ကြောင်း အရှက်သိက္ခာ မဲ့စွာဖြင့် အကျယ်တဝံ့ ထုတ်ဖော် ပြောဆိုပါသည်။
ရုရှား သမ္မတ ပူတင် အနေနှင့်မူ ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်ခြင်းကြောင့် ကမ္ဘာတဝန်း၏ ဝိုင်းဝန်း ဒဏ်ခတ် ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး အပယ်ခံဖြစ်နေသည့် အတွက် မိတ်ဆွေမရှားကြောင်း ပြသရန် အဆိုပါ အရှေ့ဖျား စီးပွားရေး ဖိုရမ်မှ တဆင့် ကြိုးပမ်းခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
အာဏာရှင် ပူတင်သည် ၎င်း၏ အမိန့် အာဏာကို သုံးကာ ရွာလွန် ရွက်တိုက် ဆုံးဖြတ် လုပ်ကိုင်မှုကြောင့် ယခု ပြည်တွင်း ဆန့်ကျင်ရေးကြီးမားလာသည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသူ ဖြစ်သည်။
အလားတူ ပူတင်၏ သြဇာ အာဏာအရိပ်ကို ခိုရန် ကြိုးပမ်းနေသော မင်းအောင်လှိုင်သည်လည်း ရုရှားလုပ် တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းများကို အသုံးပြုပြီး တိုင်းရင်းသားများနှင့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များကို ဖျက်ဆီး သတ်ဖြတ်နေသူ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ ၂ ဦးသည် အာဏာကို မမှန်ကန်သော နည်းလမ်းဖြင့် ရယူဆုပ်ကိုင်ကာ အင်အားသုံး အနိုင်ကျင့် ဗိုလ်ကျနေသည့် အကျင့်တူ စရိုက်တူသူများ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရွာလွန် ရွက်တိုက် ကျူးကျော်ရေးသမား ပူတင် နှင့် အာဏာ အဆိပ်တက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ အနာဂတ် ဇာတ်သိမ်းခန်းသည် မည်သို့မျှ လှပနိုင်မည် မဟုတ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။