အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ တော် (DRPA)၏ အရေးပေါ်အခြေနေထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန်ဦးနိုင်ထူးအောင်က DRPAအဖွဲ့အစည်းရှိကြောင်း မသိရှိခြင်းအကျိုးဆက်ကြောင့် ဘာတွေဖြစ်လာနိုင်မလဲ ဘာတွေအကျိုးသက်ရောက်မှုရှိမလဲဆိုတာကို ကိုလင်းနွေ ၊ စစ်ရေးကော်မတီ – ဒုဥက္ကဌ နှင့်တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က DRPA ကို မသိဘူးဆိုပြီးထုတ်ပြန်တဲ့အပေါ် အစ်ကိုတို့ဘာပြောချင်ပါသလဲ။
ဖြေ။ ။ DRPAကို ကိုနိုင်ထူးအောင်က မသိဘူးလို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ကြေငြာချက်ထဲမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့ မြေပြင်လှုပ်ရှားမှုတွေက ဧပြီ (၂) ရက်နေ့ လောက်မှာ စပြီး လှုပ်ရှားတာ။ မြေပြင်မှာ ဖောက်ခွဲမှုတွေ စလုပ်ခဲ့တာပါ။ DRPA အဖွဲ့အစည်းကို ဖွဲ့စည်းကြောင်းက ဧပရယ် (၂၈) လောက်မှာ စပြီး ဖွဲ့စည်းတာပါ။ တရားဝင် ကြေငြာလိုက်တာပဲ။ ကြေငြာပြီး အဲ့ အစောပိုင်း ကာလမှာ ပဲ NUG ကကိုရည်မွန်တို့ ကျနော်တို့ ဒီကော်မတီမှာပါတဲ့ အကြီးပိုင်းတွေနဲ့ စကားပြောဖြစ်တယ်။ ဒါဖွဲ့စည်းကြောင်းလည်း သူတို့ သိတယ်။ ပြီးရင် ကျနော်တို့ လှုပ်ရှားမှုတွေကို ဒီမီဒီယာ အချို့မှာ ခဏခဏ ဖော်ပြခံခဲ့ရပါတယ်။ ကိုနိုင်ထူးအောင်က ဘယ်လိုမသိတာလဲတော့ မသိဘူးဗျ။ အများစုတော့ သိတယ်။ လူထုကလည်း DRPAကို သိတယ် ။
မေး ။ ။ ဒီကိစ္စကြောင့် DRPA ဘာဖြစ်နိုင်သလဲ။
ကျနော်တို့က NUG ကိုတိုက်ခိုက်တာလည်း မဟုတ်ဘူး။ ကိုနိုင်ထူးအောင်ကို ဒီလို ပြောတဲ့အတွက် တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ကျနော်တို့ ဆိုတာ လူထုကို မှီခိုပြီး သွားနေတာ။ အစောပိုင်းကာလတွေမှာ ကျနော်တို့ ဒီလိုကြေငြာပြီးနောက်ပိုင်း (၃ ၊၄ ) လလောက်မှာ ကျနော်တို့ကို ထောက်ပံ့တဲ့သူ မရှိခဲ့ဘူး။ ရှိတဲ့ ပစ္စည်းတွေကို ရောင်းချပြီး လုပ်ခဲ့တယ်။ ငတ်ပြတ်ခဲ့တဲ့ ရက်တွေ အများကြီးပဲ။ နောက်ပိုင်းကျ မှ ကျနော်တို့ လှုပ်ရှားမှုတွေက အားကောင်းလာတယ်။ ပြီးရင် အင်အားလည်း ကောင်းလာတယ်။ ဒီနယ်မြေစိုးမိုးမှုတွေပါ ရှိလာတဲ့ အချိန်ကျတော့ ကျနော်တို့ လူထု ထောက်ပံ့မှုတွေပါရလာတယ်။ အခုလိုအချိန်ကာလမှာတော့လူထု ထောက်ပံ့မှုက သိပ်မရဘူး။ NUGကထောက်ပံ့တာ တပြား တချပ်မှ မရှိဘူး။ ကျနော်တို့ရဲ့ အမာခံ ထောက်ပံပေးနေတဲ့ လူအချို့နဲ့ ကိုယ့်ဘာသာ ဖန်တီးယူရတာပေါ့။ အဲ့ဒါတွေနဲ့ ပဲ ကျနော်တို့ ရပ်တည်နေတာပါ။ NUG ကာကွယ်ရေးက အတွင်းဝန်ဆိုတဲ့ ကိုနိုင်ထူးအောင်က ကျနော်တို့ကို ဒီအဖွဲ့အစည်းက ဒီလို သူက မသိဘူး။ ဘာမှ မဟုတ်တဲ့ အဖွဲ့အစည်း ဘာညာ အဲ့လို ပြောတဲ့ အတွက် ကျနော်တို့မှာ ဖန်တွေ ပျက်သွားတာတို့ အလှုရှင်တွေကြားမှာ ကျနော်တို့ကို အထင်အမြင်တွေလွဲတာတို့ လူထုက အထင်အမြင်တွေ လွဲတာတို့ ဖြစ်သွားတယ်ဗျ။ အဲ့ဒါကို စာထုတ်ပြီး ဖြေရှင်းတာပါ။
ကျနော်တို့က တကယ်တိုက်နေတာ။ ကျနော်တို့ကို အခြေခံ အထိုင်ချပြီး လှုပ်ရှားနေတဲ့ ဒေသတွေရှိတယ်။ ပြီးတော့ ကျနော်တို့က ဒီတမြို့ကို တနေရာထဲမှာ အခြေကုတ်ယူထားတာ မဟုတ်ဘူး။ နိုင်ငံရဲ့ (၄)နေရာ (၅) နေရာ လောက်ရှိတယ်ဗျ။ ကျနော်တို့ လှုပ်ရှားတဲ့ ဒေသတွေက လူထုနဲ့ ကျနော်တို့ တကယ်လည်း အလုပ်လုပ် နေတယ်ဗျာ။ ကျနော်တို့ နယ်မြေမှာ ကျောင်းပြန်ဖွင့်ထားတာတို့ ၊ ဆေးခန်းဖွင့်ပြီး လူထုနဲ့ နေတာတို့ လုပ်တော့ ကျနော်တို့က လူထု ယုံကြည်မှုရတယ်။ သူက အဲ့လို တင်လိုက်တော့ ကျနော်တို့မှာ ဘာဆုံးရှုံးသွားလဲဆိုရင် လူထု ယုံကြည်မှုတွေ ပျက်ပြားတာတို့ ၊ ကျနော်တို့ကိုထောက်ပံ့နေတဲ့ အလှူရှင်တွေ မလှူတော့ဘဲ ထောက်ပံ့ရေးတွေ ပျက်သွားတာတို့ အဲ့ဒါတွေ ကြုံရတယ်။ ဂုဏ်သိက္ခာပိုင်း အရလည်း ကျနော်တို့က တကယ် လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် သူကအဲ့လိုပြောတော့ မလုပ်သလို ဖြစ်သွားတဲ့အခါ ဂုဏ်သိက္ခာပိုင်းအရလည်း ကျနော်တို့မှာ ဆုံးရှုံးမှုတွေ ရှိတယ်ဗျ။ နစ်နာမှုတွေပေါ့။
ကျနော်တို့ကတော့ ပြည်သူလူထုကို ဘယ်အဖွဲ့က ဘယ်လို လုပ်စားနေတယ် ဘာညာ သေချာ လေ့လာစေချင်တယ်။ ကျနော်တို့ မှားတယ်ဆို လူထု ပေးတဲ့ ပြစ်ဒဏ်ကို ခံမယ်။ ကျနော်တို့က လူထုကို မျက်နှာ မူတယ်။
မေး ။ ။ တခြားဖြည့်စွက်ပြောချင်တာဘာရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ လူထုကို ပြောချင်တာက မြေပြင်မှာ တကယ် လုပ်နေတဲ့ အဖွဲ့အစည်းတွေကို တကယ် ထောက်ပံံ့ပေးစေချင်တယ်။ လက်ရှိ မြေပြင်မှာ အများစု လုပ်နေတဲ့ အဖွဲ့အစည်းတွေမှာ ထောက်ပံ့တာတွေ မရကြဘူး။ ကိုယ့်ဘာကိုယ်ဘဲ ရပ်တည်နေကြရတယ်။ ဖြစ်သလိုပဲ ရှာကြံပြီး စားနေရတယ်။ တချို့ဆို သေဖို့ထက် နေဖို့က ပိုပြီး ခက်နေတယ်ဗျ။ ရှင်သန်ဖို့ ပိုခက်ခဲနေတယ်။ သေရဲတယ်ဗျာ။ ဒါပေမယ့် နေဖို့ အဆင်မပြေတော့ဘူး။ စားဖို့ ဘာဖို့ မရှိတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲ။ ပြီးရင်အများစုက NUGကိုပဲအဓိက လှူကြတယ်။ မြေပြင် အဖွဲ့တွေကို မလှူဘူး။ NUG ဆီကနေမှ မြေပြင်အဖွဲ့တွေကို ရောက်မယ် ထင်တယ်။ ဒါပေမယ့် NUGဆီက အလှူငွေတွေက မြေပြင်ကို အဲ့လောက် မစီးဆင်းဘူးဗျ။ လူထုကို တကယ် လုပ်နေတဲ့အဖွဲ့အစည်းတွေကို သေချာ ချိတ်ဆက်ပြီး လှူစေချင်တယ်ဗျာ။ ထောက်ပံ့ပေးစေချင်တယ်ပေါ့။