“ စစ်ကောင်စီကို တွေ့ရင် ခင်ဗျား စိတ်မနာဘူးလားလို့ မေးရင် နာတာပေါ့။ သတ်ပစ်ချင်ရလောက်အောင် စိတ်နာတယ်။ ဒါပေမဲ့ ကျတော်တို့က သူတို့ မဟုတ်ဘူး”
ဒုစစ်ဦးစီးချုပ် မာဝီ (ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF)
မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာသည့် နွေဦးတော်လှန်ရေးသည် ၃ နှစ်ကျော် ကာလကို ရောက်ရှိခဲ့ပြီဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုအုံကြွမှုနှင့်အတူ လူငယ်များသည်လည်း ၎င်းတို့ အလိုရှိသည့် လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ဆန္ဒပြရင်းက မြန်မာစစ်တပ်၏ ဆိုးရွားလှသည့် တုံ့ပြန်မှုတွေကို မခံနိုင်ကြသည့်အဆုံး လက်နက်ကိုင်တော်လှန်ရေးကို ခြေစုံပစ် ဝင်ခဲ့ကြသည်။
အလွှာအသီးသီး၊ ခံယူချက်အသီးသီးများမှ ဆင်းသက်လာကြသည့် လူငယ်များသည် အာဏာရှင်ကို တိုက်ထုတ်ကြမည်ဆိုသည့် တူညီမှုတစ်ခုက နွေဦးတော်လှန်ရေး၏ အရှိန်ကို မြင့်မားစေခဲ့သည်။ လက်နက်မရှိချိန် ပြည်သူတွေကို “ သတ္တရှိရင်ထွက်ခဲ့၊ အသက်အပို ပါတဲ့သူရှိရင် ထွက်ခဲ့” ဆိုသည့် ကြွေးကြော်မှု ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်တပ်သည် လူထု၏ ပါဝင်မှု လူငယ်များ၏ သတ္တိနှင့် လွတ်လပ်လိုစိတ်တို့ကြောင့် ယခုအချိန်တွင် ၎င်းတို့ ကြွေးကြော်ခဲ့သလို ခပ်တင်းတင်း လုပ်၍ မရကြတော့။
စစ်ကောင်စီ၏ အင်အားချည့်နဲ့မှုကို သိသာစေမှုသည် နေပြည်တော်တွင် ကျင်းပခဲ့သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့က သက်သေအဖြစ်ရှိနေသည်။ လက်ရှိ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းနေကြသည့် တော်လှန်ရေးအတွင်း နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များကို MPA အနေဖြင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ကာ တင်ဆက်ပေးလိုက်ပါသည်။