နိုင်ငံရေးဒုက္ခသည်တွေပေါ့။ ကူညီထောက်ပံ့မှုတွေကိုလည်း လုပ်နိုင်လားဆို မလုပ်နိုင်ဘူး။ နိုင်ငံရေးကို ဦးဆောင်ကြတဲ့သူတွေက ကိုယ်တာဝန်မယူနိုင်တဲ့စကားကို တော်လှန်ရေးအစမှာ လွယ်လွယ် ကူကူပြောခဲ့ကြတာပေါ့လေ”
CDM သည် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ခုခံတော်လှန်သည့် ပထမဆုံး ထုတ်ဖော်ပြသမှု ဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်သည်။
စစ်ကောင်စီက အာဏာသိမ်းရန်ကြိုးပမ်းသည့် ပထမဆုံးရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ့ ဝန်ဆောင်မှုနယ်ပယ်၏ အောက်ခြေမှ ထိပ်ဆုံးအဆင့်ရှိ ပြည်သူ့ဝန်ထမ်း သိန်းပေါင်းများစွာက သပိတ်မှောက် ကာ အများပြည်သူဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများနှင့် အစိုးရလုပ်ငန်းများတွင် တာဝန်မထမ်းဆောင်ဘဲနေခဲ့ ကြသည့်အတွက် စစ်အုပ်စုကို အာဏာထိန်းချုပ်နိုင်ခြင်း မရှိစေရန် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ခဲ့သည်။
CDM တွင်ပါဝင်သူများနှင့် ၎င်းတို့၏မိသားစုများအတွက် အခက်အခဲများ၊ အကြမ်းဖက်ခံရမှုများနှင့် စွန့်လွှတ်စတေးရမှုများစွာရှိသည့်တိုင် CDM သည် အာဏာသိမ်းမှု သုံးနှစ်နီးပါးကြာသည်အထိ ဆက်လက်၍ တက်ကြွခိုင်မာစွာဖြင့် ပါဝင်နေဆဲဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း CDM ထု ညီလာခံဖြစ်မြောက်ရေး ကော်မတီတစ်ရပ်အား နိုင်ငံ့ဝန်ထမ်း CDM အင်အားစုများက ကိုယ်စားလှယ် စုစုပေါင်း (၂၅) ဦးဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ MPA က နိုင်ငံ့ဝန်ထမ်း CDM ထုညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာလွမ်းဝေအား ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး – နိုင်ငံ့ဝန်ထမ်း CDM ထုညီလာခံဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
ဖြေ – ကျွန်တော်တို့ရဲ့ ညီလာခံဖြစ်မြောက်ရေးအတွက် ကော်မတီဖွဲ့စည်းတဲ့ ရည်ရွယ်ချက်ကတော့ညီလာခံပေါ်ပေါက်လာဖို့ပါပဲ။ ဘာလို့ပေါ်ချင်လဲဆိုရင်တော့ လက်ရှိမှာက ကျွန်တော်တို့ CDMတွေ အနေနဲ့ ဒီတော်လှန်ရေးမှာ အားကောင်းကောင်းနဲ့ ပါဝင်နေဆဲပေါ့။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး တစ်စုတစ်ဖွဲ့ကတော့ အချိတ်အဆက်မိမနေသေးဘူး။ အဲ့ဒါကြောင့် ချိတ်ဆက်မိပြီး အချင်းချင်းအားပေးကူညီဖေးမနိုင်ဖို့နဲ့ နောက်တစ် ခုကကျတော့ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအကြပ်အတည်းတွေကနေ နောက်တစ်ဆင့် တက်လှမ်းလာနိုင်ဖို့ အတွက် ရည်ညွှန်းပြီးတော့ ညီလာခံကနေ ရလဒ်တွေ ထွက်ပေါ်လာစေချင်တာပါ။ ဒါကြောင့်လည်း ဒီဟာလေးကို ကျွန်တော်တို့ လုပ်ဖြစ်တယ်။ ကော်မတီကနေပြီးတော့ ညီလာခံမရောက်ခင်မှာ ကနဦးစုစည်းမှု တစ်ခုရနိုင်ဖို့တော့ ကြိုးစားနေတယ်။
မေး – ဒီကော်မတီကနေ ဘာတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ပါသလဲ။
ဖြေ – အဓိကကတော့ CDM တွေအနေနဲ့ အချိတ်အဆက်မိဖို့ပေါ့နော်။ တစ်ယောက်၊ တစ်ယောက်ချင်းစီ၊ တစ်စု၊ တစ်ဖွဲ့ချင်းစီသွားနေတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံက Failstate ဖြစ်နေတာပေါ့။ ဒီဟာကို မျက်နှာလွှဲနေလဲ ဒါဟာ တကယ်ဖြစ်နေပြီပဲလေ။ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ နိုင်ငံဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ကိုယ့်လက်၊ ကိုယ့်ခြေနဲ့ ပြန်တည်ဆောက်နိုင်ဖို့ဆိုတာကလည်း ခရီးတစ်ဝက်မကျိုးသေးပါဘူး။ ဒီအတွက် သန်မာကြရမယ်။ တစ်စုတစ်ဖွဲ့တည်းမဟုတ်ဘဲ၊ အားလုံး အချိတ်အဆက်မိမိလုပ်ဆောင်ကြဖို့အတွက် ဒီကော်မတီဟာ ကျွန်တော်တို့အနေနဲ့ ကနဦးခိုင်မာတဲ့ ရည်မှန်းချက်အနေနဲ့ မျှော်မှန်းထားပါတယ်။
မေး – ဒီကော်မတီမှာ CDM တွေ ဘယ်လောက်ထိ ပါဝင်လာဖို့ မျှော်လင့်ပါလဲ။
ဖြေ – ဒီကော်မတီက ကျွန်တော်တို့ အလုပ်ကော်မတီပဲ ဖြစ်တယ်။ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တယ်ဆိုတာ ကလည်း ဒီအဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီး လာဆွေးနွေးတယ်။ ဥပမာ ကျန်းမာရေးမှာ ဒေါက်တာလွမ်းဝေ ပါလာတယ်။ ဘာလို့ခေါ်တာလဲဆိုရင် ကျန်းမာရေးမှာရှိတဲ့ CDM တွေက ဘယ်လိုစဉ်း စားလဲဆိုတာကို ညီလာခံ ဒီဇိုင်းဆွဲတဲ့အခါမှာ reflesh ဖြစ်နိုင်ဖို့အတွက် ဖိတ်ခေါ်တာဖြစ်တယ်။ အဲ့ဒီလိုမျိုး ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က ဖိတ်ခေါ် တာ၊ အဲ့ဒီတော့ ဒီထဲမှာပါနေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး က ဒီညီလာခံကို ပံ့ပိုးကြဖို့၊ ညီလာခံပေါ်ပေါက်လာဖို့အတွက်ဖြစ်တယ်။ ဒီကော်မတီကလည်း ညီလာခံကြီး ပေါ်ပေါက်လာပြီဆိုလို့ ရှိရင် ဒီကော်မတီရဲ့ လုပ်ငန်းဆောင်တာလည်း ပြီးသွားပြီ ဘာမှဆက်လုပ်ဖို့ မရှိတော့ဘူး။ ဒါကို ကော်မတီ ဒါမှမဟုတ် ညီလာခံကို အုပ်စိုးမယ့်အဖွဲ့စည်းစသဖြင့် တော်တော်များများက အမြင်မှားနေကြ တယ်လို့ သုံးသပ်ချင်တယ်။ CDM တွေ အားလုံး အချိတ်အဆက်မိစေဖို့အတွက် ကနဦးစတက်ကြိုးပမ်းတဲ့ လူတွေလို့ပဲ မြင်စေချင်တယ်။
မေး – ဒီကော်မတီမှာ မပါဝင်သေးတဲ့ CDM တွေရှိလား။
ဖြေ – ဒီကော်မတီမှာက မပါသေးတဲ့ CDM တွေရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ သိပါတယ်။ တစ်ချို့တွေ ကကျတော့ ကျွန်တော်တို့ လက်လှမ်းမမှီဘူး။ လက်လှမ်းမမှီဘူးဆိုတာကလည်း ဥပမာ CDM အလွှာ တစ်ခုရှိ နေတယ်။ ဒီအလွှာကို ဘယ်လိုချိတ်ဆက်မလဲ။ ဘယ်သူ့ကို ချိတ်ဆက်ရင် ဘယ်လောက်ထိ လွှမ်းခြုံမှု ရှိသလဲပေါ့။ ချိတ်ဆက်လိုက်မိတဲ့သူကရော verify ပေါ့ လုံခြုံရေးအရ စိတ်ချရမှုရှိလား စသဖြင့် ဒီအချက်တွေကို လက်လှမ်းမမှီတဲ့ အတွက်လည်း အခက်အခဲဖြစ်နေတယ်။
မေး – CDM တွေ အနေနဲ့ လက်ရှိမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေက ဘယ်လိုတွေရှိပါသလဲ။
ဖြေ – လက်ရှိကြုံတွေ့နေရတဲ့ CDM တွေရဲ့ အခက်အခဲကတော့ ၃ ခုပဲ။ နံပါတ်တစ်ကတော့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ ရင်နာစရာပြောရရင်တော့ ဒုက္ခသည်လို့ပဲ မြင်လာတာပေါ့။ နိုင်ငံရေး ဒုက္ခသည်တွေပေါ့။ ကူညီထောက်ပံ့မှုတွေကိုလည်း လုပ်နိုင်လားဆိုမလုပ်နိုင်ဘူး။ ဆိုတော့ နိုင်ငံရေး ဦးဆောင်ကြ တဲ့သူတွေက ကိုယ်တာဝန်မယူနိုင်တဲ့စကားကို တော်လှန်ရေးအစမှာ လွယ်လွယ်ကူကူပြောခဲ့ကြတာပေါ့လေ။ CDM တွေကို ထောက်ပံ့ပေးမယ်။ CDM တွေကို လုပ်ငန်းတွေပေးမယ်။ CDM တွေ တိုးတက်လာရေးပေါ့လေ။ အဲ့ဒီလိုမျိုး အသံတွေထုတ်ခဲ့ကြရာကနေ၊ ဒီနေ့၊ ဒီလိုအချိန်မှာ ဒီဟာတွေကို လုပ်နေတဲ့သူတွေက နောက်ထပ် Level ပြောင်းလဲသွားတာပေါ့လေ။ Non CDM တွေ၊ CDM ဖြစ်လာရေးတို့ Non CDM တွေကို ကာကွယ် ရေးတို့ ဆိုတဲ့စကားတွေမှာ CDM တွေက ရင်နာရတယ်ဗျ။ နောက်တစ်ခုက CDM တွေက လုံခြုံရေး၊ မိသားစုအရေး၊ ငွေရေးကြေးရေး၊ ရပ်တည်းရေး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ ချွတ်ခြုံကျပြီး တော်တော်လေးကို စိတ်ဓါတ်ကျနေကြတာပေါ့။ ဝန်ကြီးဌာနတွေမှာဝင်ရောက် အလုပ်လုပ် ကိုင်တဲ့အခါမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လုပ်ခလစာမပေးနိုင်တာမျိုးရှိတယ်။ ဒါဟာလည်း အားလုံးသိပြီးသားပါ။ CDM တွေက ဒါတွေကို ညည်းညူနေတာလည်း မဟုတ်ပါဘူး။ အစိုးရမှာ မပါနိုင်တဲ့ သူတွေကလည်း ကိုယ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာ ပါဝင်နေဆဲပဲ။ ဒါကြောင့်လည်း လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ ၂ ခုစလုံးက ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့လိုတယ်။ နိုင်ငံရေးအရ CDM တွေကို လေးလေးနက်နက် အသိအမှတ်ပြုဖို့ လိုတယ်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ ဘက်ကခက်ခဲနေတဲ့ အခက်အခဲတို့ တစ်ယောက် နဲ့ တစ်ယောက် ချိတ်ဆက်ပြီးတော့ ကူညီဖေးမပြီးတော့ ဖြေရှင်းနိုင်ဖို့ ကျွန်တော် ကြိုးစားချင်တယ်။ တတိယ အချက်ကတော့ နွေဦးတော်လှန်ရေးက လက်ရှိအကျပ်အတည်းတွေပေါ့လေ။ လက်ရှိ အကျပ်အတည်းတွေ ရှည်ကြာလေ CDM တွေရဲ့ ဒုက္ခက ပိုရှည်ကြာလေပါပဲ။
မေး – CDM တွေရဲ့ အခက်အခဲကရော ဘာတွေလို့ ထင်ပါသလဲ။
ဖြေ – အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ဒါတွေဟာ သူတို့ရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့အခက်အခဲတွေပေါ့လေ။ အဘက်ဘက်ကတော့ အခက်အခဲတွေကိုတော့ ကြုံတွေ့နေရတာ ပါပဲ။ တခြားသော တော်လှန်ရေး အင်အားစုတွေနဲ့ ကွာတဲ့အချက်ကတော့ ပြိုင်ဘက်ရှိနေတာပေါ့။ အချိန်မရွေး ချောက်ချခံရနိုင်တာပေါ့။ CDM ဝင်လာပြီဆိုရင် စစ်ကောင်စီဘက်မှာက ဘယ်သူတွေဟာ CDM တွေဝင်လာ တယ်ဆိုတဲ့ စာရင်းက ရှိပြီးသားပါ။ CDM ရယ်လို့ ဖြစ်လာရင် ပုံဖျက်ပြီး နေထိုင်လို့လည်း မရဘူး။ ကိုယ့်အရပ် ဒေသမှာလည်း အေးအေးဆေးဆေးလည်း နေလို့မရတော့ဘူး။ CDM ရယ်လို့ ဖြစ်လာတာနဲ့ ကိုယ့်ရဲ့ နေရပ်လိပ် စာကနေ စွန့်ခွာတယ်။ ကိုယ့်ရဲ့ မိသားစု၊ သားသမီးကို စွန့်ခွာတယ်။ ဒီအခက်အခဲတွေကို ခါးစည်းခံရသလို ကျွမ်းကျင်တဲ့ ပညာရပ်တွေကိုလည်း စွန့်ခွာပြီးတော့ ဆင်းဆင်းရဲရဲ အသက်မွေးဝမ်းကြောင်း ပြုနေရတာပေါ့။
မေး – CDM တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါ။
ဖြေ – ကျွန်တော်တို့ကတော့ စိတ်ပျက်သွားမှာလည်း မဟုတ်ဘူး။ လက်လျော့သွားမှာလည်း မဟုတ်ဘူး။ ဒီတော်လှန်ရေးအောင်မြင်ဖို့ကလည်း ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျ။
ဟုတ်ကဲ့ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် MPAအနေဖြင့် ကျေးဇူးတင်ပါတယ်။