မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၇ရက်နေ့ညမှ စတင်ကာ ရေနစ်မြှုပ်မှုများ ကြုံတွေ့ခံစားနေရသလို၊ အကူအညီများလည်း လိုအပ်နေကြောင်းသိရသည်။
ရေကြီးနစ်မြှုပ်မှုဒဏ်ခံရသည့် ဒေသခံများအား အစားအစာအပါအဝင် လိုအပ်သည့် အကူအညီများအား Hlegu Information Centerမှ အဖွဲ့ဝင်များသည် ၎င်းတို့ကိုယ်တိုင်အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း တိုင်ပင်ကာ အကူအညီများ ပေးခဲ့သည်။
ယင်းအပြင် လူမှုကူညီရေးအသင်းများ မဟုတ်သည့် ပြင်ပအလှူရှင်များ၏ အကူအညီများကိုလည်း၊ ရေကြီးနစ်မြှုပ်မှု ဒဏ်ခံရသော ဒေသခံများထံ ရောက်ရှိစေရန်အတွက်လည်း ဆောင်ရွက်ပေးနေပြီး၊ လက်ရှိမြေပြင်တွင်ဖြစ်ပေါ်နေ သည်များအား Hlegu Information Center မှ တာဝန်ရှိသူတစ်ဦးအား MPAမှ ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
မေး – လှည်းကူးမြို့ပေါ်မှာ ရေကြီးမှု အခြေအနေလေး သိပါရစေ။
ဖြေ – လှည်းကူးမြို့ပေါ်တွေမှာက ပထမဆုံး ရေကြီးတာပေါ့။ ဒီပထမဆုံးကြီးတဲ့ မြို့ပေါ်တွေကတော့ ရေတွေ လုံးလုံး ပြန်ကျပြီးတော့ အားလုံးပုံမှန်တော့ ပြန်ဖြစ်နေပြီဗျ။ အဲ့ဒီ မြို့ပေါ်ကနေကျသွားတဲ့ ရေတွေက လှည်ကူးအနိမ့်ပိုင်း ရွာတွေကို စီးသွားတယ်။ စီးသွားပြီးတော့ အနိမ့်ပိုင်းရွာတွေဖြစ်တဲ့ ကင်မွန်းခြုံ၊ အဝိုင်း၊ ရှမ်းရွာ၊ မလဲ့၊ ရေကျော် အဲ့ဒီဘက်တွေကတော့ ရေနည်းနည်းများသွားတယ်။ သူတို့ကတော့ ချောင်းနဲ့လည်း နီးတော့ ရေကြီးမှုဒဏ်ကို ပိုခံရတာပေါ့။ ချောင်းနဲ့ အနီးဆုံး ရွာတွေကတော့ ရေတွေ ပိုကျန်နေသေးတာပေါ့။
မေး – ရေမသန့်ရှင်းတာတွေကြောင့် ဒေသခံတွေအနေနဲ့ ရေကြီးမှုရဲ့ နောက်ဆက်တွဲ ဘာတွေများ ဆက်ဖြစ်လဲ။
ဖြေ – ရေအရမ်းများတုန်းက ပြဿနာမရှိဘူး။ အခုက ရေက မစီးတော့ဘဲ ရေတွေက တန့်နေတာ။ အဲ့ဒီလိုဆိုတော့ ကြာရင် ရေက ပုပ်လာမှာ။ အခုဆိုရင် ရေဝဲစားတာတွေနဲ့ အနာစိမ်းပေါက်တာတွေရှိတယ်။ နောက်ယားနာတွေလည်း ဖြစ်တယ်။
မေး – ကျန်းမာရေး အထောက်အကူဖြစ်စေမယ့် လိုအပ်ချက်တွေက ဘာတွေများဖြစ်မလဲ။
ဖြေ – ဘာတွေရှိလဲဆိုတော့ အဓိကကတော့ ရေဝဲတို့ ယားနာတို့အတွက် လိမ်းတဲ့ Cream ဗူးတောင့်တွေလိုတယ်။ ယားနာလိမ်းတဲ့ ဆေးပဲ အဓိကလိုပါတယ်။
မေး – ရေကြီးမှု နောက်ထပ် နောက်ဆက်တွဲဖြစ်တဲ့ ဝမ်းရောဂါမျိုးတွေဖြစ်ပွားတာရော ရှိလား။
ဖြေ – ဝမ်းရောဂါကတော့ ဖြစ်ပွားတာတွေ သိပ်မရှိဘူး။ တစ်ယောက်တစ်လေ ဖြစ်တာမျိုးရှိတယ်။ ဒါတွေအတွက် တော့ ဓါတ်ဆားရှိရင် ပိုအဆင်ပြေနိုင်တယ်။ နောက်တစ်ချက်က ရေမြှုပ်နေတဲ့ နေရာတွေမှာဆိုရင် အိမ်သာတွေ ရေမြှုပ်တာတွေ ရှိတော့၊ အပေါ့ အလေး သွားရတဲ့ ပြဿနာတွေ ရှိကြတယ်။ အဲ့ဒါတွေကိုတော့ ဥက္ကဌနဲ့ တိုင်ပင်ပြီး ဖြေရှင်းတာတွေရှိပါတယ်။
မေး – ဒီလိုဖြေရှင်းရာမှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ရလဲ။
ဖြေ – စေတနာ့ဝန်ထမ်းက အင်အားနည်းတာက တစ်မျိုး၊ ရွာတွေမှာတော့ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေရှိပေမယ့်လည်း၊ တစ်အိမ်တက် တစ်အိမ်ဆင်းကြတော့၊ လိုက်ပြီး မကြည့်နိုင်တာတွေ ရှိတယ်။ ကွင်းထဲဘက်လို့ ခေါ်တဲ့ နေရာတွေမှာဆို ရေများတာတွေရှိတယ်။ ရွာနဲ့ အလှမ်းဝေးတော့ လှူတာ၊ တန်းတာတွေကိုလည်း လာမယူနိုင်ကြဘူး။ ဒါမျိုးဆို တကူး တက သွားပြီး လုပ်ပေးရတာရှိတယ်။ ဆီးချိုသွေးတိုးသမားတွေရှိတော့ ဆရာဝန်လည်း မပြနိုင်တော့ ကျွန်တော်တို့ ဆေးအဖွဲ့နဲ့ သွားတယ်။ တစ်ချို့ဆို မူးလဲတာတွေ ကျပ်တာတွေရှိတယ်။ ဒါမျိုးတွေအတွက်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ ဆေးဝါးတွေ အလှူခံဖို့ ရှိပါတယ်။
မေး – ဆေးဝါးလှူဒါန်းမှုတွေရော ရှိပါသလား။
ဖြေ – လာလှူကြတာက အစာအစိုပါပဲ။ ထမင်းဟင်းတို့ပေါ့။ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ ခေါက်ဆွဲနဲ့ ကြက်ဥတွေ တော့ ပါတာပေါ့။ ရေသန့်လှူတာတွေလည်း ရှိတယ်။ ဆေးဝါးကျတော့ လှူဒါန်းတာက နည်းတယ်။ ဆေးထဲမှာဆိုရင် လည်း ကျတော့်ရှေ့တင် လာလှူတာက ပါရာစီတမော၊ ဆရာခိုနဲ့ ဓါတ်ဆားနည်းနည်းပါတယ်။ အဓိကလိုနေတာက ယားနာဆေးတို့ ဝဲဆေးတို့ လိုအပ်နေတာပါ။
မေး – ဒေသခံတွေအနေနဲ့ ဆေးဝါးကုသမှု ခံယူဖို့ ဘယ်လို အခက်အခဲမျိုးတွေ ရှိလဲ။
ဖြေ – အခက်အခဲကတော့ အကုန်လုံးပါပဲ။ သွားရတာလာရတာကအစပေါ့။ တစ်ရွာလုံးရေမြှုပ်တာဆိုတော့ ရေပေါ်တဲ့ နေရာက လက်သီးစုပ်လောက်ပဲ ရှိတယ်။ မြို့ပေါ်ပေါ့ ကားလမ်းပေါက်တဲ့နေရာကို သွားဖို့ဆို မိနစ်၂၀လောက် စက်လှေနဲ့ သွားရတယ်။ ငွေရေးကြေးရေး ဆိုင်ရာကလည်း အခက်အခဲရှိတယ်ဗျာ။ ဆေးခန်းသွားမယ်ဆိုရင် လှေကြုံရင်တော့ ကောင်းတာပေါ့။ ကိုယ့်ဘာသာ သီးသန့်သွားမယ်ဆိုရင်လည်း လှေသမား အခက်အခဲတွေ ရှိတာပေါ့။ အနီးအနားမှာလည်း ဆရာဝန်က မရှိဘူး။ ဆိုတော့ ဆေးခန်းသွားပြချင်ရင် စံပြတို့ လေးထောင့်ကန်တို့ကို သွားပြရတာ။ ဒါက သူတို့အတွက် အနီးဆုံးဖြစ်နေတာပဲ။ တကယ်တမ်းကတော့ အဝေးကြီးပဲ။
မေး – ဒေသခံတွေအတွက် ဆေးဝါးကုသခွင့်ကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။
ဖြေ – ဆေးအဖွဲ့နဲ့ လာပြီး ကိုယ်တိုင်ကိုယ်ကြလာပြီး စစ်ဆေးစေချင်တယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေစီကို စာရင်းပေးထားတာတွေ ရှိတယ်။ ဒါတွေကို သက်ဆိုင်ရာ နယ်မြေ တာဝန်ခံတွေနဲ့ ဆက်သွယ်ပြီး ဆေးဝါးလှူဒါန်းတာတွေ ဆေးကုသမှုပေးတာလေးတွေကို လုပ်စေချင်ပါတယ်။
မေး – အကူအညီပေးတဲ့ လှူဒါန်းမှုတွေမှာ ဆေးဝါးလှူဒါန်းမှု နည်းပါးတာနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ – အစားအစာ အစိုတွေ ထမင်းဟင်းတွေက ပိုတယ်ဗျ။ တချို့ဆို ရွာတစ်ရွာကို လှူတာတင် ၃ယောက်။ အလှူရှင် ၃ယောက်လုံးက ထမင်းဟင်းတွေပဲ လှူတာဆိုတော့ ပိုနေတာ။ ထမင်းဟင်းဆိုတာ တစ်ရက်အပြင် နောက်တစ်ရက် မခံဘူး။ ပုပ်သွားတာပဲ ရှိတယ်ဗျ။ တကယ်လှူချင်တန်းချင်တယ်ဆိုရင် သက်ဆိုင်ရာ နယ်မြေတာဝန်ခံတွေနဲ့ တိုင်ပင်ပြီး လုပ်စေချင်တယ်။ အလှူခံရမယ့်သူက ဘာလိုတယ်ဆိုတာမျိုး ပြောဖို့အတွက် အဆင်မပြေဘူး။ အားနာတာတွေရှိတယ်။ ဒါကြောင့် ကာလဒါနတွေ လုပ်မယ်ဆိုရင် တကယ်လိုအပ်တာကို လှူစေချင်တယ်ဗျ။
မေး – လက်ရှိ ရေကြီးနေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ – အကူအညီကတော့ လိုအပ်နေတာတွေ ရှိတယ်။ ရေကြီးရေလျှံမှ မဟုတ်ဘူးဗျ။ ဒီကြားထဲမှာ စားဝတ်နေရေး ခက်ခဲနေပါတယ်ဆိုပြီး အကူအညီတောင်းခံနေတာတွေ ရှိပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့က အမြဲတမ်းကူညီပေးဖို့အတွက်ကို ပြင်ဆင်ထားတာတွေ ရှိတယ်။ ဆိုတော့ ဒုက္ခရောက်တဲ့သူတွေကို ရှိတဲ့သူတွေက နားစွင့်ပေးပါ။ ကူညီပေးချင်တဲ့သူတွေကလည်း သူတို့ဆီက စကားလေးတွေကို နားထောင်ပေးပါ။ တစ်ချို့တွေက လိမ်လည်ပြီး အကူအညီတောင်းတယ်လို့ ထင်နိုင်ပါတယ်။ တကယ်ပဲ အကူအညီလိုအပ်တဲ့သူတွေကို နားထောင် ပေးရင် တကယ်ပဲ သူတို့ဆီရောက်သွားခဲ့မယ်ဆိုရင် တကယ်လိုအပ်ပြီး ဒုက္ခရောက်နေတဲ့သူတွေပါပဲ။
ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် MPAအနေဖြင့် ကျေးဇူးတင်ပါတယ်။