ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးခြင်းနှင့် အပူချိန်မြှင့်တက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ရာသီဥတုဖြစ်စဉ်များသည် အစွန်းရောက်ရာသီဥတုဖြစ်စဉ် အယ်လ်နီညိုကြောင့်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားခဲ့ကြသည်။
ထို့ကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ် အယ်လ်နီညိုအကြောင်းနှင့် နောက်ထပ်ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို MPA ပရိသတ်များ သိရှိနိုင်စေရန်
မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်နှင့် မေးမြန်း တင်ဆက်ထားသည်။
မေး – အယ်လ်နီညိုဆိုတာ ဘယ်လို ရာသီဥတုဖြစ်စဉ်လဲ။ ဒီ အယ်လ်နီညိုဖြစ်စဉ်က ဘာကြောင့် ဖြစ်ပေါ်လာတာပါလဲ။
ဖြေ – အယ်လ်နီညိုအကြောင်းပြောရင် အယ်လ်နီညိုနဲ့ ဆန့်ကျင်ဖြစ်ပေါ်တတ်တဲ့ လာနီညာကိုလဲ အကျဉ်းချုပ်ပြီးတော့ ထည့်ပြောမှရပါမယ်။ ခရစ္စမတ်ကာလအနီးမှာ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ မြောက်ပိုင်းဒေသ ပီရူးနဲ့ အီကွေဒေါနိုင်ငံကမ်းခြေတွေ မူလရေအေးစီးကြောင်းများမှာ ရေပူစီးကြောင်းများ အစားထိုးစီးဝင်လာတဲ့ ဖြစ်ရပ်ကို “အယ်လ်နီညို” ဟုခေါ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီရေပူစီးကြောင်းတွေက ရာသီဥတုဖြစ်စဉ်တွေကို ပုံမှန်မဟုတ်ဘဲ အစွန်းရောက်ရာသီဥတုဖြစ်စဉ် ဖြစ်သွားစေပါတယ်။ လာနီညာကတော့ အယ်နီညိုရဲ့ ဆန့်ကျင်ဘက်ဖြစ်စဉ်တစ်ခုပါပဲ။
မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာဦးထွန်းလွင်က “ပထမဆုံး အယ်လ်နီညိုဆိုတာဘာလဲဆိုတာကစပြီး ပြောချင်ပါတယ်။ တိုတိုနဲ့လိုရင်းကို ပြောရရင် အယ်လ်နီညိုဆိုတာ “တောင်အမေရိကတိုက်ရဲ့အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံများဆီကို ငါးနှစ်မှ ခုနှစ်နှစ်တစ်ကြိမ် ခရစ်စမတ်ကာလလောက်မှာ တိုးဝင်လာတတ်ကြတဲ့ ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ထားတဲ့ အမည်”ဖြစ်ပါတယ် ..“ ဒီရေပူစီးကြောင်းတွေအကြောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀) ကျော်လောက်ကတည်းက ပီရူးနဲ့ အီကွေဒေါနိုင်ငံ ရေလုပ်သားတံငါသည်ကြီးများက စတင်သိရှိခဲ့ကြပါတယ်။ အဲဒီရေပူစီးကြောင်းတွေ ဝင်လာကြတဲ့ နှစ်တွေဆိုရင် ငါးတွေ ဖမ်းမရကြတော့ဘူးတဲ့။ ဒါ့အပြင် ဒီလိုနှစ်တွေဆိုရင် သူတို့နိုင်ငံတစ်ဝန်းမှာ ထူးထူးခြားခြားမိုးတွေများ ရေတွေကြီးနဲ့ ရာသီဥတုတွေ ဖောက်ပြန်သွားတတ်ကြတာကိုလည်း သတိထားခဲ့မိကြပါတယ်တဲ့” လို့ 7 Day News- အတွဲ(၈)၊ အမှတ်(၁၈)၊(၁၆-၇-၂၀၀၉) ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ ဒီဖြစ်စဉ် ၂ ခုထဲက တစ်ခုခုဖြစ်လာရင်တော့ – အစွန်းရောက်ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ အစွန်းရောက်အခြေအနေတွေဆိုတာကတော့ မိုးအရမ်းခေါင်ပြီး အပူလွန်ကဲတာ၊ အပူလှိုင်းတွေ အအေးလှိုင်းတွေ ဖြတ်တာ၊ အပူပိုင်းမုန်တိုင်းတွေ ပုံမှန်ထက်များလာတာနဲ့ မိုးအရမ်းများပြီး အေးမြစိုစွတ်မှုပိုတာ၊ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်တာ စသည်ဖြင့် ရေနဲ့ ပတ်သက်တဲ့ သဘာဝဘေးတွေဖြစ်စေတာ ဆိုတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကို ဖြစ်လာစေပါတယ်။
အားကောင်းတဲ့အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေရာသီဥတုမှာ တော်တော်သိသိသာသာ အပြောင်းအလဲတွေရှိခဲ့တာကိုတွေ့ကြရပါတယ်။ မုတ်သုံ အဝင်မှာ နောက်ကျတာတို့၊ အထွက်မှာစောတာတို့၊ မုတ်သုံအင်အားနည်းတာတို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန်တိုးတာတို့စ-တာတွေဟာ တကယ်တော့ ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှပါတယ်။
မေး – ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ အယ်လ်နီညိုဖြစ်ပြီလို့ ဩစတေးလျမိုးလေဝသဗျူရိုက ကြေညာထားတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦး။
ဖြေ – အမေရိကန်နိုင်ငံ အမျိုးသား ပင်လယ်/သမုဒ္ဒရာများနှင့် လေထုဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့အစည်း NOAA(National Oceanic and Atmospheric Administration) မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ အယ်လ်နီညိုဖြစ်ကြောင်း စတင်ကြေညာခဲ့ပါတယ်။
အယ်လ်နီညိုဟာ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဖြည်းဖြည်းချင်း အားကောင်းလာပြီး အားပြင်းတဲ့ အယ်လ်နီညိုဖြစ်နိုင်မဲ့ အခြေအနေကတော့ ၅၆% ရှိကြောင်း NOAA ရဲ့ ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဩစတေးလျ မိုးလေဝသဗျူရိုကတော့ စက်တင်ဘာလ ၁၉ ရက်နေ့ကျမှ အယ်လ်နီညိုဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုးဇလ)က – “ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အယ်နီညိုအခြေအနေမှာ တဖြည်းဖြည်း ပြန်လည်လျော့ကျလာနိုင်သည်ဟု ခန့်မှန်းရပါသည်” လို့ စက်တင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မေး – နောက်ပြီး အယ်လ်နီညိုဖြစ်ပြီဆိုရင် အချိန်ကာလအားဖြင့် ဘယ်လောက်ကြာနိုင်ပါသလဲ။
ဖြေ – အယ်လ်နီညိုဖြစ်စဉ်တစ်ခုဖြစ်ပြီဆိုရင် ဖြစ်စဉ်ရဲ့အားပြင်းတာ၊ အားနည်းတာ၊ အားအသင့်အတင့်ရှိတာစသည်ဖြင့် ကွဲပြားသွားတဲ့အပေါ်မူတည်ပြီး – အယ်လ်နီညိုဖြစ်စဉ်တစ်ခုရဲ့ သက်တမ်းကာလဟာ ၁၈ လ လောက် သက်တမ်းရှိပါတယ်။
ဒီဇင်ဘာလလောက်မှာ အားအကောင်းဆုံးကို ရောက်လာတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့ အမှောင့်ပယောဂဟာ ရှေ့ ၉ လ – နောက် ၉ လလောက်အထိ ကြာလေ့ရှိပါတယ်။ ဒီဇင်ဘာလကို ဗဟိုပြုပြီး ရှေ့ ၉ လဟာ မတ်လလောက်က စလေ့ရှိပြီး၊ နောက် ၉ လကတော့ နောက်တစ်နှစ်ရဲ့ စက်တင်ဘာလလောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်က ရှိတတ်ပါတယ်။
မေး – အယ်လ်နီညိုက ဘယ်နှနှစ်မှာ တစ်ကြိမ် (ခန့်မှန်းခြေအားဖြင့်) ဖြစ်ပေါ်တတ်ပါသလဲ။
ဖြေ – ကမ္ဘာကြီးမှာ အယ်လ်နီညိုနဲ့ လာနီညာက ၃ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ်စီ ဖြစ်တတ်ပါတယ်။
မေး – မြန်မာနိုင်ငံမှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် လူ့ပတ်ဝန်းကျင်မှာ ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတာတွေရော ရှိပါသလား။
ဖြေ – မြန်မာနိုင်ငံမှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ် ရင်ဆိုင်ခဲ့ကြရတဲ့အထဲမှာ ကမ္ဘာ့အားအကောင်းဆုံး အယ်လ်နီညို ဖြစ်ခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့ရတဲ့ ၂၀၁၅ ခုနှစ်အယ်နီညိုမှာတော့ အဆိုးဆုံး ခံစားခဲ့ကြရတယ်လို့ ပြောနိုင်ပါတယ်။
၂၀၁၅ ခုနှစ်ထဲမှာ အယ်လ်နီညိုဆိုတာဖြစ်ကြောင်းသိရတော့ ပူတော့မယ်၊ အပူလှိုင်းတွေဖြတ်မယ်၊ မိုးတွေခေါင်တော့မယ်၊ ရေတွေရှားတော့မယ်လို့ ခန့်မှန်းခဲ့ပြီး နှစ်အစပိုင်းမှာ အပူလွန်ကဲတာတွေဖြစ်ခဲ့ပါတယ်။ မြစ်ကြီးနားဒေသလို အေးတတ်တဲ့ဒေသတောင်မှ မတ်လမှ ဇွန်လအထိ အပူချိန် ၃၅ °C မှ ၃၈ °C အထိ မြင့်တက်ခဲ့ပြီး ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ မိုးသည်းထန်ခဲ့တာတွေ့ရပါတယ်။
၂၀၁၅ ခုနှစ်အတွင်းမှာပဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးတော့ တစ်ကြိမ်က ဆိုင်ကလုန်းမုန်တိုင်း KOMEN (03B – အမည်ရ ဆိုင်ကလုန်းမုန်တိုင်း) ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဩဂုတ်လ ၂ ရက်နေ့မှာ ဝင်ရောက်သွားပါတယ်။
မြန်မာနိုင်ငံဘက်ကို မုန်တိုင်းတစ်လုံးမှ ဝင်ရောက်ခြင်းမရှိခဲ့ပေမဲ့ ဆိုင်ကလုန်း KOMEN ရဲ့ သက်ရောက်မှုက မုန်တိုင်းလမ်းကြောင်း ညာဘက်ခြမ်းက မြန်မာနိုင်ငံမှာ မိုးသည်းထန်ခဲ့ပြီး ဧရာဝတီမြစ်တစ်လျှောက် ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ ၂၀၁၅ ရေကြီးခြင်းဖြစ်စဉ်မှာ ၄၆ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြရကြောင်း၊ အိမ်ခြေ ၁၇,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
၂၀၁၅ ခုနှစ်ရဲ့ မိုးလေဝသနဲ့ ရာသီဥတုဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ “အားကောင်းတဲ့ အယ်လ်နီညိုကြောင့် အနောက်တောင် မုတ်သုံလေဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်းတွေအပေါ် သက်ရောက်မှုအတော်များများဖြစ်ခဲ့ပြီး အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပေါ်စေခဲ့တာကြောင့်” လို့ သုံးသပ်ရပါတယ်။
မေး – အယ်လ်နီညိုစဖြစ်နေပြီဆိုတော့ မြန်မာနိုင်ငံနိုင်ငံအတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီး ဘယ်လိုနေထိုင်သင့်ပါသလဲ။
ဖြေ – အရင်ဆုံး နားလည်ထားကြဖို့လိုတာက အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ ပစိဖိတ်သမုဒ္ဒရာအရှေ့မြောက်ဘက်က ပင်လယ်ရေစီးကြောင်း အပူချိန်ပြောင်းလဲခြင်းနဲ့အတူ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ဖြစ်လာပြီဆိုရင် – မိုးခေါင်ခြင်း/ပူပြင်းခြင်းနဲ့ မိုးများခြင်း/ရေကြီးရေလျှံဖြစ်ခြင်း ဆိုတာတွေက ၂ ခုစလုံး ဖြစ်တတ်တယ်ဆိုတာပါပဲ။
၂၀၂၃ ခုနှစ်၊ မိုးဦးရာသီမှာ ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး မိုခါ (CYCLONE MOCHA) ဖြစ်စဉ်နဲ့ အလယ်ပိုင်းဒေသတွေမှာ ပူပြင်းပြီး မိုးနည်းခဲ့တဲ့ဖြစ်စဉ်တွေက အနောက်တောင်မုတ်သုံလေ ပုံမှန်ရက်ထက် ၈ ရက်ခန့်နောက်ကျပြီးမှ ဝင်ရောက်ခဲ့တဲ့ မိုးလေဝသအခြေအနေနဲ့ ဆက်စပ်ဖြစ်ပေါ်လာပါတယ်။
မိုးနှောင်းရာသီကာလအတွင်းမှာတော့ ပဲခူးမြို့ရေကြီးခြင်း၊ လှည်းကူးမြို့ရေကြီးခြင်းနဲ့ မန္တလေးတိုင်းထဲက မတ္တရာနဲ့ ဒုဌဝတီမြစ်ရေ အတက်ကြမ်းပြီး ရေကြီးတဲ့ဖြစ်စဉ်တွေက အထင်ကရဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒါတွေက ၂၀၂၃ ခုနှစ်၊ ဇွန်လမှာစတင်ဖြစ်ခဲ့တဲ့ အယ်လ်နီညိုနှစ်ရဲ့ အစပိုင်းမှာဖြစ်ခဲ့တဲ့ သဘာဝဘေးတွေပါပဲ။
အယ်လ်လ်နီညို အားအပြင်းဆုံးဖြစ်တဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတော့ ၂၀၂၄ ခုနှစ် မေလအထိ အယ်လ်နီညိုဖြစ်စဉ် ဖြစ်နိုင်ချေက ၈၀% ရှိနေဆဲဖြစ်ပြီး၊ ဇွန်လထဲအထိ အယ်လ်နီညိုဖြစ်နိုင်ချေ ၆၀% နဲ့ လာနီညာဖြစ်စဉ်က ပါးပါးလေး အစပျိုးမယ်လို့ အောက်တိုဘာလ ၉ ရက်နေ့ကထုတ်ပြန်တဲ့ NOAA ထုတ်ပြန်ချက်မှာ တွေ့နေရပါတယ်။
အခုတွေ့ရှိထားတဲ့ ရာသီဥတုဖြစ်စဉ် ကြိုတင်ခန့်မှန်းချက်များ (Climatology Forecast) ကြောင့် ပူပြင်းခြောက်သွေ့ခြင်းနဲ့ စိုစွတ်မှုလွန်ကဲခြင်းဖြစ်စဉ် ၂ ခုစလုံးအတွက် မြန်မာနိုင်ငံရဲ့ မတူညီတဲ့နေရာဒေသတွေအလိုက် ပြင်ဆင်ထားကြဖို့လိုပါတယ်။
အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ အပူလွန်ကဲပြီး မြေဆီလွှာအောင်းရေကျဆင်းကာ သီးနှံဖြစ်ထွန်းအောင်မြင်မှုလျော့နည်း ကျဆင်းနိုင်သလို၊ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ မုန်တိုင်းတွေဖြစ်လာနိုင်တာ၊ မိုးများပြီး ရေကြီးရေလျှံဖြစ်တာနဲ့ တောင်ကျချောင်းရေလို ရုတ်တရက်ကျဆင်းလာတဲ့ ရေအဟုန်ကြောင့် ပျက်စီးဆုံးရှုံးခြင်းတွေမှ ကာကွယ်ရှောင်ရှားနိုင်အောင် ပြင်ဆင်ထားကြရပါမယ်။
မေး – ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါဦး။
ဖြေ – မိုးလေဝသဖြစ်စဉ်ထူးခြားချက်တွေရှိရင်ရှိသလို ကြိုတင်ခန့်မှန်းချက်တွေ တင်ပြပေးတာကို မပြတ်နားစွင့်ပြီး ကိုယ့်အရပ်၊ ကိုယ်ဒေသနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုတင်ပြင်ဆင်ကြပါလို့ပဲ ဖြည့်စွက်ပြောချင်ပါတယ်။