ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မေလ ၂၆ ရက်၊ နံနက်၈ နာရီ အချိန်ခန့်မှ စတင်ပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
” အေအေနဲ့စစ်တပ်တို့ တိုက်ပွဲပြန်ဖြစ်နေကြတာပါ။ ပလက်ဝမြို့နယ်အခြေစိုက် ၂၈၉ တပ်ရင်းကတော့ လက်နက်ကြီးပစ်ကူတွေ ပစ်ပေးနေပါတယ် ” ဟု ပလက်ဝမြို့ခံတစ်ဦးက MPA သို့ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ ပလက်ဝမြို့မှ တစ်နာရီခန့်သွားရသောနေရာဖြစ်ပြီး ထိုတိုက်ပွဲကြောင့် ကုလားတန် မြစ်ထဲတွင် ရေတပ်လှုပ်ရှားမှုများ ရှိနေကြောင်းလည်း ဒေသခံများကဆို သည်။
” ပလက်ဝက ရခိုင်ဖက်ကိုသွားတဲ့ ရေကြောင်းလမ်းမှာတော့ စစ်တပ်က နေဗီ (Navy)တွေကို တွေ့နေရပါတယ်။ ပလက်ဝ- ကျောက်တော် ရေကြောင်းခရီးသည်တချို့ကတော့ မသွားကြတော့ပါဘူး ” ဟု ပလက်ဝဒေသခံ ခူမီးအမျိုးသားတစ်ဦးက MPA သို့ပြောသည်။
” ခုချိန်ထိတော့ လက်နက်ကြီးပစ်သံတွေ ကြားနေရပါသေးတယ်။ ဒီအတိုင်းဆိုရင်တိုက်ပွဲက ဆက်ဖြစ်မယ့်သဘောပါ။ စစ်တပ်ဖက်က ၇ ယောက်လောက် ကျလို့လက်နက်ကြီးပစ်ကူပေးနေတာလို့ကြားပါတယ် ” ဟု တိုက်ပွဲအနီးရှိ ကျေးရွာသားတစ်ဦးက ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်မင်းအောင်လှိုင်တပ်တို့ကြား ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလမှစတင်ပြီး ယာယီ အပစ်ရပ်တန့် နေသော်လည်း ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ နှစ်ဘက်စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည်။
” စစ်တပ်ဖက်က လက်နက်၊ ရိက္ခာ၊ အင်အားတိုးနေတာကြာပါပြီ။ စစ်ရေးလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်လာတော့ အေအေ နဲ့ တွေ့ရင် တိုက်ပွဲတွေစဖြစ်မှာပါ။ ခုက အေအေနေရာကိုဝင်လာလို့ စဖြစ်တာလို့ထင်ပါတယ် ” ဟု ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)က နှစ်ဘက်တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာနိုင်ကြောင်း မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်၏ မေလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အေအေဖက်က တိုက်ပွဲ ဖြစ်ချင်သည့် အပြုအမူများ ပြုလုပ်နေသဖြင့် စစ်တပ်ကိုအဆိုးမဆိုရန် ပြောဆိုထားသည်။
ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်း ပလက်ဝရှိ အကြမ်းဖက်စစ်တပ်၏ မီးဝဗျူဟာကုန်းကို အေအေဖက်က ၄၅ ရက်ကြာ တက်ရောက် တိုက်ခိုက် သိမ်းပိုက်ရန်ကြိုးစားဖူးသည်။
ရက္ခိုင့်တပ်တော်နှင့်အကြမ်းဖက်စစ်တပ်တို့ကြား ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် ရခိုင်တစ်ပြည်နယ်လုံးတွင် နှစ်ဘက် စစ်ရေး တင်းမာမှုများ အမြင့်ဆုံးအခြေအနေဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။