By MPA
ယမန်နေ့က အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့် စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာရှိ အိမ်ခြေပေါင်း ၁၆၀ နီးပါးသည် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက MPA သတင်းဌာနသို့ ပြောကြားသည်။
မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်ကစ၍ ယခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ Data For Myanmar ၏ စစ်တမ်းများအရ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များကြောင့် ပျက်စီးသွားခဲ့ရသည့် မြန်မာပြည်အနှံ့အပြားမှ အိမ်ခြေပေါင်း ၁၁,၄၁၇ လုံးရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိပ်တိုက် တိုက်ပွဲဖြစ်မှုများတွင် တိုက်ပွဲဖြစ်ပွားသည့် ဒေသများရှိ အိမ်ခြေများကို မီးရှို့ ဖျက်ဆီးမှုများ ပြုခဲ့သောကြောင့် ဒေသခံပြည်သူများ အနေဖြင့် စစ်ဘေးဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထိုသို့ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သလို ပြည်သူအသက်ပေါင်းများကိုလည်း ၎င်းတို့အား ဆန့်ကျင်သူဟု တံဆိပ်များတပ်ကာ အကြောင်းအရင်းမရှိ သတ်ဖြတ်မှုများလည်းရှိခဲ့သည်။
ထို့ကြောင့် နယ်မြေဒေသ ၂၉၆ နေရာအတွင်း အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့် လူနေအိမ်ခြေပေါင်း တစ်သောင်း တစ်ထောင်ကျော် အထိ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ကြရသည်။
Data For Myanmar ၏ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့အထိ နောက်ဆုံးထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီကြောင့် မီးရှို့ ပျက်စီးခဲ့ရသည့် အိမ်ခြေပေါင်း ၁၁,၄၁၇ ရှိကြောင်း သိရှိထားသော်လည်း ယင်းနေ့နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ အရာတော်တောင်နယ်၊ မလဲသာကျေးရွာ မီးလောင်မှုအဖြစ်အပျက်တွင် အိမ်ခြေပေါင်း ငါးရာကျော် မီးလောင်ပျက်စီးခဲ့သေးသည်။
ယမန်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့် အိမ်ခြေ ၁၅၈ လုံး မီးလောင်ပျက်စီးခဲ့သည်။
“ ကျွန်တော်တို့မနက်က ၉ နာရီလောက်က ကျွန်တော်တို့ရွာရဲ့ ရေဦးသွားတဲ့လမ်းမှာ မိုင်းသံ၊ သေနတ်သံ ကြားရတယ်။ အထိုက်အလျှောက်လည်း အထိအခိုက်ရှိကြတယ်လို့ ကြားတယ်။ ရွာထဲကတော့ အိမ်ခြေ ၁၆၀ လောက် မီးဘေးသင့်တယ်။ ကျန်တဲ့သူတွေကလည်း အသံပလံတွေကြားနေတော့ ဆိုင်ရာဆိုင်ရာလေးတွေသွားပြီး နေကြတာ။ ရွာထဲပြန်မကပ်ကြဘူးပေါ့ဗျာ။ ကလေးတွေကတော့ သန့်ရှင်းသွားလုပ်လိုက်ကြ၊ ထွက်ပြေးလိုက်ကြပေါ့” ဟု ယင်းဒေသခံပြည်သူက MPA သတင်းဌာနသို့ ဆက်ပြောသည်။
အကြမ်းဖက် စစ်ကောင်စီသည် ထိုဒေသကို စစ်ကြောင်ထိုးရင်း ပြည်သူများ၏ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ယင်းဒေသရှိ ပြည်သူများသည်လည်း စစ်ဘေးရှောင်များအဖြစ် နီးစပ်ရာ တောထဲတွင် ဒုက္ခများ ကြုံနေရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ဒေသတွင် စစ်ကိုင်းတိုင်းက အများဆုံးခံနေရပြီး လက်ရှိ Data For Myanmar ၏ နောက်ဆုံးမှတ်တမ်းအရ အိမ်ခြေပေါင်း ၇၅၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။
ဒုတိယနေရာတွင် မကွေးတိုင်းက အိမ်ခြေဆုံးရှုံးမှု ၂၀၀၀ ကျော်နှင့် တတိယနေရာတွင် ချင်းပြည်နယ်က ၁ထောင်ကျော်ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုခံရသည့် အများဆုံး ပြည်နယ်နှင့်တိုင်းများအဖြစ် ရပ်တည်နေရသည်။