နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အဂတိအမှုအတွက် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ဆိုခဲ့မှုမှာ အခြေအမြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တရားရုံးချိန်းတွင် ရှေ့နေများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ၁ရက်နေ့တွင် နေပြည်တော်ရှိ သီးသန့်တရားရုံး၌ ပြုလုပ်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဂတိအမှုနှင့်ပတ်သက်ပြီး အစိုးရသက်သေအဖြစ် ဦးဖြိုးမင်းသိန်းမှ ရွှေ၇ပိဿာနှင့်အမေရိကန်ဒေါ်လာ၆သိန်းပေးခဲ့ကြောင်း ထွက်ဆိုခဲ့မှုအပေါ် ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
“ သူကရွှေ၇ပိဿာနှင့် အမေရိကန်ဒေါ်လာ၆သိန်းမပေးဘဲနဲ့ ပေးတယ်လို့ပြောတာကို အခြေအမြစ်မရှိဘူးလို့ပြောတာပေါ့။ ဒီနေ့မှ လူချင်းတွေ့မှပြောတာ ဟိုနေ့ကစစ်ပြီးပြန်သွားရတာ” ဟု နိုင်ငံတော်အတိုင်ပင်ခံ၏ ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် လရောင်တောစီမံကိန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် မြေကွက်ဝယ်ယူသည့် ကိစ္စများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုဥပဒေပုဒ်မ(၅၅)ဖြင့် စွဲဆိုထားသည့် အမှုလေးခုရှိကြောင်း ရှေ့နေအဖွဲ့ထံမှသိရှိရသည်။
ဒေါ်အောင််ဆန်းစုကြည်အပေါ် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်နှင့်ပတ်သက်ပြီး ”အဂတိလိုက်စားမှုဥပဒေနှင့်ပတ်သက်ပြီး တို့အမှုတွေလိုက်နေတာ သိန်းငါးရာတစ်ထောင် အဲ့တာတွေအကုန်ဖမ်းမိတာပဲလေ။ အခုဟာက ရွှေ၇ပိဿာဆိုတာကြီးက ပါမှပါမလာတာကြီးကို။ ရှာဖွေပုံစံနဲ့သွားရှာတာ ဘာမှမရှိတာ ” ဟု ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးကဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရှေ့နေအဖွဲ့သည် တရားရုံးချိန်းများ ပြီးဆုံးသည့်အခါများတွင် အမှုကိစ္စများနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးသည့်အခါများ ရှိသော်လည်း အခြားကိစ္စရပ်များကိုမူ အချင်းချင်းတီးတိုးသာပြောရလေ့ရှိသည်။
“ ဟိုနေ့ကကိစ္စနဲ့ ဘယ်လိုပြောစရာရှိလဲ ပြောတော့ သူက ကျနော့်ကိုထိုင်ထိုင်ချင်းပဲ “All Absurd “လို့ပြောလိုက်ပါတယ်” ဟု ရှေ့နေအဖွဲ့မှတရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောသည်။
ပြီးခဲ့သည့် မတ်လတတိယအပတ်တွင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်လိုအပ်သည့်နေရာများတွင် သုံးရန်အတွက် ရွှေ၇ပိဿာနှင့် ဒေါ်လာ၆သိန်းကို အကြိမ်ရေခွဲပြီးပေးခဲ့ကြောင်း ထွက်ဆိုထားသည့် ဗီဒီယိုကို စစ်တပ်က ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှ ထုတ်ပြန်ထားခဲ့သည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇တို့နှင့် ပတ်သက်ပြီး စစ်ဆေးခဲ့သည်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅နှင့်ပတ်သက်ပြီး လာမည့်တပတ်ရုံးချိန်းတွင် စွဲချက်တင်မတင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။