စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိကျောက်ပြုတ်ကျေးရွာတွင် စက်တင်ဘာ(၁၂) ရက်နေ့၌ စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရွာရှိနေအိမ်များကိုမီးရှို့ဖျက်ဆီးနေသည်ဟုသိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဘုန်းကြီးကျောင်းကို ဦးတည်ပြီး လက်နက်ကိုင်တစ်စုကဝင်ရောက်တိုက်ခိုက်မီးရှို့ခဲ့သော ကျောက်ပြုတ်ကျေးရွာကို ဖက်ဆစ်စစ်တပ်က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက်စက်တင်ဘာ၁၃ရက်နေ့နံနက်ပိုင်းတွင် ရွာရှိနေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
“ရွာထဲမှာတော့ဘယ်သူမှမရှိတော့ဘူးလေ။ အကုန်ထွက်ပြေးနေရတာပေါ့။ ဒီကနေ့နံနက်ပိုင်းမှာပဲ ရွာကိုမီးရှို့နေတယ်လို့ သိရတာပါ” ဟုကျောက်ပြုတ်ဒေသခံတစ်ဦးက MPAသို့ပြောသည်။
အကြမ်းဖက်စစ်တပ်က စက်တင်ဘာ(၁၂)ရက်နေ့တွင် တပ်စွဲခဲ့ခြင်းဖြစ်ပြီး ကျောက်ပြုတ်ရွာအနီးရှိ ပြည်သူများကို သတ်ဖြတ်ခဲ့သည်။
ဒေသခံ၏ပြောပြချက်အရ ကျောက်ပြုတ်ရွာအနီးမှ ရွာတစ်ရွာဖြစ်သည့် ကျောက်ဆည် ကျေးရွာမှ ဦးသောင်းမြင့်၊ ဒေါ်ချောလှနှင့် ငထော်တို့အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသော်လည်း MPAအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
စက်တင်ဘာလ၁၁ရက်နေ့ညတွင် လက်နက်ကိုင်ဆောင်ထားသည့်လူများက ရွာထဲရှိ ရတနာရောင်ခြည်ကျောင်းတိုက်ကို ဦးတည်တိုက်ခိုက်ခဲ့ပြီး နေအိမ် (၂၄)လုံး ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်ခံရသောရွာမှ ဆရာတော် အပါအဝင် ရွာသားများမှာ လက်ရှိအချိန်တွင် ရွာထဲ၌မရှိကြတော့ဘဲ
ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
“ ဆရာတော်ကတော့ သူ့ဆရာဆီကိုကြွသွားပါပြီ။ ဦးလေးတို့ကတော့ ဘေးလွတ်ရာကိုပြေးနေကြရတာပေါ့။ ရတဲ့နေရာလေးမှာ ကုပ်ကပ်နေကြရတာပေါ့ ” ဟု ကျောက်ပြုတ်ရွာ ဒေသခံ တစ်ဦးကဆိုသည်။
ကျောက်ပြုတ်ရွာတွင် အိမ်ခြေ၂၂၀ခန့်ရှိပြီး ရွာသားများမှာ မနေ့က ညတွင်းချင်းပင် လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းခဲ့ရသည်။
လက်ရှိအချိန်တွင် ထောင်နှင့်ချီသောဒေသခံများသည် လုံခြုံဘေးကင်းရာများသို့ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိနေပြီး အစားအသောက်၊ ရိက္ခာဆေးဝါးပစ္စည်းများလည်းလိုအပ်လျက်ရှိနေသည်။
ရွာကိုစစ်တပ်က ၁၂ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးလျက်ရှိနေသည်ဟုသာ သိရှိရပြီး ဖြစ်စဉ်အသေးစိတ်၊ပျက်ဆီးမှုအခြေအနေနှင့်ပတ်သက်ပြီး သိရှိရခြင်းမရှိသေးပေ။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းနှင့်မကွေးတို့ရှိကျေးရွာများကို ယခုလတ်တလောတွင် မွှေနှောက်ရှာဖွေခြင်း၊ ရွာသားများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းများကိုယူဆောင်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။
#ကျောက်ပြုတ်ရွာ #မီးရှို့ခံရ #MPA #စစ်ကိုင်းတိုင်း