စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းဆွဲခံရမှာကြောက်သည့် စစ်တပ်က လမ်းဘေးဝဲ၊ ယာ ခြုံများ ရှင်းလင်းရင်း နေအိမ် ၈လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ဧပြီ ၂၄ရက်၊ နံနက် ၉နာရီဝန်းကျင်က ချောင်းဦးမြို့ပေါ်၊ မြပုလဲဆီဆိုင်ဂိတ်၊ ဘက်စုံအထိုင်ချစခန်းမှ စစ်သားများသည် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေးကို ရှင်းလင်းစဉ် ခင်မွန်ကျေးရွာမှ လမ်းဘေး နေအိမ် ၈လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ PDFရဲဘော်တစ်ဦးထံမှသိရသည်။
“ အထိုင်စခန်းတွေကနေ အင်အားစုပြီး လမ်းကြောရှင်းတာဗျ။ အင်အားက ဖြန့်ထားတော့ တိတိကျကျတော့မရှိဘူးဗျ။ လမ်းကြောတစ်ကြောလုံး လုံခြုံရေးယူပြီး ရှို့သွားတာဗျ။ စစ်ကြောင်းရယ်မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် မုံရွာ-မန္တလေးလမ်းပေါ် တက်လာသည့်အခါတိုင်း ဒေသခံ PDFများ၏ မိုင်းဆွဲခြင်းကို အမြဲမြဲလိုလို ခံနေရသဖြင့် ယင်းလမ်းပိုင်း၌ မိုင်းရှင်းလင်းရေးများ နေ့စဉ်လုပ်ဆောင်နေကြောင်း မုံရွာမြို့နယ်နေ အမျိုးသားတစ်ဦးကပြောသည်။
“ နမခကို အင်အားပို့ရင် ဒီလမ်းကနေပဲ ပို့တာလေ။ ချောင်းဦးဘက်မှာဆိုလည်း သူတို့ဖြတ်တိုင်း အဆွဲခံရတယ်။ ကျနော်တို့ မုံရွာနယ်ထဲရောက်ရင်လည်း PDF တွေက မိုင်းဝိုင်းဆွဲကြတော့ ကြောက်လို့ထင်ပါတယ်” ဟု ၎င်းကပြောသည်။
ဧပြီ ၂၂ရက်က မုံရွာ – မန္တလေးလမ်းပိုင်းပေါ် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီကား ၁စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ် ပြန်ပစ်သည့် လက်နက်ကြီးကျည် မုံရွာမြို့နယ်၊ ကြေးမုံရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရရခဲ့ကြောင်းသိရသည်။