ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ် ၂ တံတား အနီးတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အဆိုပါမြို့ရှိ အွန်လိုင်းလောင်းကစားရုံအချို့ ယာယီပိတ်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဧပြီလ ၁၉ ရက်မှစတင်ကာ တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကိုပါ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ယင်းအခြေအနေများကြောင့် လောင်းကစားရုံအချို့မှာ ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်း အမှတ် ၅ ရပ်ကွက်အတွင်းနေထိုင်ပြီး လက်ရှိအချိန်ထိ စစ်ဘေးမရှောင်ရသေးသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အခုက အဝင်ရှိတယ် အထွက်မရှိဘူး။ တချို့ရုံတွေက ပိတ်တယ် အခုအခြေအနေကြောင့်ပေါ့၊ တချို့ရုံတွေက တေ့ာမပိတ်ဘူး၊ မပိတ်တဲ့ရုံတွေကျတော့ အဝင်ရှိပြီး အထွက်မရှိဘူးဆိုတာ ကစာတဲ့သူတွေကိုပြောတာ ကစားချင်လား လာကစား ပြန်လို့မရတော့ဘူး။ အဲ့ဒီထဲမှာပဲအိပ် အဲ့ဒီမှာပဲစား၊ ၁ ဂိတ်ဘက်က ရုံတွေပေါ့၊ တချို့ရုံတွေကျတော့ ခဏပိတ်တယ်ဆိုပြီး ကြေငြာထားတာပေါ့”ဟု ၎င်းကရှင်းပြသည်။
လတ်တလော အဆိုပါ အွန်လိုင်းလောင်းကစားရုံများအပြင် အွန်လိုင်းလုပ်ငန်းငွေကြေးလုပ်ငန်းများမှာ ဆက်လက်လည်ပတ်နေသည့် ကုမ္ပဏီအများအပြားရှိနေပြီး ဝန်ထမ်းများမှာလည်း လက်ရှိအချိန်ထိ အလုပ်ကို ဆက်လက်လုပ်ကိုင်နေကြကြောင်း ယင်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားအချို့ထံမှ သိရသည်။
“ပိတ်တယ်ဆိုတဲ့ရုံက လက်ချိုးရေလို့ရပါတယ်၊ ဒီမှာလည်း ဂိတ်တွေမှာက စစ်တပ်ကော ရထိုက်က လုံခြုံရေးတွေကော အရှေ့မှာ အပြည့်လေ၊ ဘာဖြစ်ဖြစ် ဒီလုပ်ငန်းတွေက မြဝတီမြို့ကြီးကို ဗုံကြဲမှပဲရပ်မှာ၊ ဝန်ထမ်းတွေကတော့ တချို့လည်း ပြန်ချင်ကြတယ်၊ ပြန်ဖို့လည်း ပြင်နေကြတယ်၊ တချို့ကလည်း ဆက်လုပ်တယ်၊ အများနဲ့ဖြစ်တာတော့တော်ရုံလည်း ကြောက်မနေတော့ဘူး” ဟု အွန်လိုင်းလောင်းကစားရုံတစ်ခုတွင် လုပ်ကိုင်နေသည့် အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။
လက်ရှိ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေပြီး မြို့တွင်း၌ကျန်နေသေးသည့် ပြည်သူအများစုမှာ သတိနဲ့ နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
“မနက်ကတော့ ချသေးတယ်၊ အခုတော့ နားနေကြတယ်ပဲ ပြောမလား၊ ကိုယ်တွေက မပြေးဘူးလို့ ဆုံးဖြတ်ထားတော့ ဘာနေနေ သတိနဲ့တော့ နေရတာပေါ့” ဟု မြို့ခံပြည်သူတစ်ဦးက ပြောသည်။