ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လပူမှော်အနီး၊ နွယ်ဂျယ်ဘွမ့်ရှိ စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဧပြီ ၁၇ရက်၊ မနက် ၁၀နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က MPA သို့ပြောသည်။
အဆိုပါ တပ်စခန်းသည် စစ်ကောင်စီ ခလရ ၂၉၇၏ ရှေ့တန်းစခန်းဖြစ်ပြီး KIA က အချိန်လေးနာရီခန့် တိုက်ခိုက်ခဲ့ပြီး နောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ မနက် ၆နာရီလောက်က စတိုက်တာဟုတ်တယ်။ ၁၀ နာရီကျော်ခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာ ဟုတ်တယ်။ခလရ ၂၉၇ ရဲ့ ရှေ့တန်းစစ်စခန်းပါ” ဟု KIAသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ စစ်ကောင်စီစခန်းကို KIAက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း လပူမှော် ဒေသခံပြည်သူတစ်ဦးက ဆိုသည်။
“ မနက်ကတည်းက တိုက်နေကြတာ၊ စခန်းသိမ်းပြီး မကြာဘူး တိုက်လေယာဥ်နဲ့ဗုံးလာကြဲသွားတာ” ဟု ၎င်းက ပြောသည်။
ခလရ ၂၉၇၏ ရှေ့တန်းတပ်စခန်းသည်၂၀၁၅ခုနစ်မှစတင်ကာ တပ်စွဲထားခဲ့သည့် စခန်းဖြစ်သည့်အပြင် လပူမှော်အနီးရှိ ပယင်းမှော်ဒေသကို ထိန်းချုပ်ထားသည့် တပ်စခန်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် လပူမှော်နှင့် အင်ဂါးဂါးမှော်အနီးတွင် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိနေသေးပြီး တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သည် ဒေသခံမှော်လုပ်သားများ ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိသည်။
“ စစ်တပ်စခန်းတွေကျန်နေသေးတော့ ဘယ်အချိန် တိုက်ပွဲဖြစ်မလဲ မသိဘူးလေနော့။ အဲ့ဒီအတွက် ကြိုပြီး ရှောင်ထားကြတာ” ဟု မှော်လုပ်သားတစ်ဦးက ပြောသည်။
ထို့ပြင် မတ်လ ၁၉ရက်နေ့က တနိုင်းမြို့နယ်၊ မိုင်းခွန်အုပ်စုရှိ စစ်ကောင်စီ၏ နမ့်ကောန့်ရွှေမှော် စစ်ကောင်စီတပ်စခန်းကို KIAက သိမ်းပိုက်ခဲ့သေးသည်။