ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနောက်တောင်ဘက်မှ စစ်ကား ၅ စီးဖြင့် ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA ) ထံမှ စုံစမ်းသိရှိရသည်။
“စစ်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတာပါ၊ တိုက်ပွဲမှာ ၃ နာရီကျော်လောက်ကြာတယ်။ ကျွန်တော်တို့ မျက်မြင်ပဲ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တာတွေ့ရပါတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး”ဟု PNLA ပြောခွင့်ရသူ ခွန်ရိန်းယံက ရှင်းပြသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကား ၄ စီးအား မီးရှို့ဖျက်ဆီးပြီး ဒဏ်ရာရသူများနှင့်သေဆုံးသူများအား ပြန်သယ်ကာ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း PNLA ပြောခွင့်ရသူ ခွန်ရိန်းယံက ဆက်လက်ပြောသည်။
“ကားတစ်စီးပဲ မီးမလောင်လို့ ကျွန်တော်တို့သိမ်းလာတယ်၊ လက်နက်ငယ်(သေနတ်) ၃ လက်လည်းရတယ်၊ စစ်ရေးကတော့ တင်းမာနေတဲ့ အခြေအနေပါ၊ နေစဉ်နီးပါးတိုက်ပွဲတွေ ဖြစ်နေပါတယ်”ဟု ၎င်းကဆိုသည်။
ဆီဆိုင်မြို့မှ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြသူများသည် ဧပြီလဆန်းပိုင်းတွင် မြို့တွင်းသို့ စားနပ်ရိက္ခာများပြန်လည်ယူဆောင်ကြသော်လည်း ယခုတိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းကြောင့် နေရပ်သို့ပြန်သူမရှိတော့ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“၈ ရက်နေ့လောက်ကစပြီး ပြန်ယူတဲ့သူမရှိတော့ဘူး။ မြို့ထဲမှာနှစ်ဘက်စလုံးကရှိနေတော့ မပြန်ရဲကြတော့တာ၊ ပြီးတော့ ရိက္ခာပြန်ယူတဲ့သူတွေလည်း မိုင်းနင်းမိတဲ့သူနဲ့ လက်နက်ကြီးမှန်လို့ သေတဲ့သူတွေနဲ့ဆိုတော့ ပိုကြောက်ကုန်ကြတယ်၊ မြို့ကလည်း ရစရာ မရှိအောင်ကို ပျက်စီးသွားပြီ”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၅ ရက်တိုက်ပွဲတွင်လည်း စစ်ကောင်စီလက်အောက်ရှိ အမတ ၅၀၇ တပ်နှင့် ခမရ ၅၀၉ တပ်မှ ဗိုလ်ကြီးဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်း၊ ဒုတပ်ကြပ်အောင်မျိုးထွန်းအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။