မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းတစ်ခုကို ၂၀၂၄ခုနှစ်၊ ဧပြီ ၂၈ ရက်၊ မနက် ၆ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)က သိမ်းပိုက်ရရှိခဲ့ကြောင်း ဧပြီ ၃၀ရက်၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
“ တိုက်ပွဲထဲမှာ ဒုဗိုလ်မှူးတစ်ယောက်သေသွားတာ ဟုတ်တယ်။ အလောင်းလည်း လာမကောက်ဘူး။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လဲ နီးတော့ လန့်နေကြလောက်ပြီ၊ မန္တလေး အရှေ့ဘက် ပြင်ဦးလွင်နားမှာလဲ စစ်ကောင်စီတပ်တွေ ခံရတယ်၊ မတ္တရာ၊ စဥ့်ကူးပတ်ချာလည်မှာလည်း အထိနာနေကြပြီ” ဟု ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် စဥ့်ကူးဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တတက အမှတ် ၁၃ (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း)၊ အုပ်ချုပ်မှုဌာနမှ ဌာနမှုး ဒုတိယဗိုလ်မှုးကြီး တင်ကို (တေဇ ၂၈) အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကာ၊ စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လက် ၊ ၆၀ မမ စိန်ပြောင်း တစ်လက် အပါအဝင် ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
“ စဥ့်ကူးမြို့နဲ့ ဝါးပိုးချပ်ရွာက မိုင်နှစ်ဆယ်လောက်ပဲ ဝေးတယ်။ အခုအသိမ်းခံရတဲ့ စစ်တပ်စခန်းကလည်း အရင်က တရုတ်သူဌေးရဲ့ လုပ်ကွက်ထဲမှာ နေနေတာ” ဟု စဥ့်ကူးမြို့နယ်အတွင်း၌ နေထိုင်သည့် အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။
ထို့ပြင် MDY-PDF နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်တွင်လည်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိသောကြောင့် သရက်ကုန်းကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာခန့်မှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။
“ သရက်ကုန်းစခန်းကို ပြန်ရဖို့ စစ်ကောင်စီက အသည်းအသန်ကို ကြိုးစားနေကြတာ၊ တိုက်ပွဲတွေ စဖြစ်ကတည်းက ပြင်ဦးလွင်မှာ သိပ်မငြိမ်တော့ မန္တလေးထိဆင်းသူကဆင်း၊ နီးစပ်ရာမြို့တွေမှာ စစ်ရှောင်ကြတာပေါ့၊ နေကပူပူနဲ့ စစ်ရှောင်ရတော့ အဆင်မပြေမှုတွေကတော့ ရှိတာပေါ့” ဟု မန္တလေးမြို့ပေါ်သို့ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၁၅ တွင် ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးရှိ သရက်ကုန်းကျေးရွာ၌ တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ်စခန်းကို MDY – PDFက သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။