ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ရွာမှ ရွာသားတစ်ဦးကို ကောက်ကွေ့(ပျူ)ရွာမှ ပျူခေါင်းဆောင် နေတိုးဆိုသူက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၉ရက်က ရေဖြူကန်ရွာမှ အသက် ၃၃နှစ်အရွယ် ကိုဇော်ဝင်းမြင်ဆိုသူသည် တော်ဝိကျေးရွာရှိ နာရေးသို့ သွားသည့် လမ်းတစ်နေရာ၌ ပျူစောထီးခေါင်းဆောင် နေတိုးက ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောသည်။
“ ပျူစောထီးခေါင်းဆောင် နေတိုးက ရေဖြူကန်ရွာကို သိပ်မကြည်ဘူး။ အခုတော့ ကိုဇော်ဝင်းမြင်ကို PDFတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားပြီးတော့ သတ်ခဲ့တာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်များတွင် ကိုဇော်ဝင်းမြင့်ကို ဖမ်းဆီးခဲ့ရာတွင် PDFနှင့် ပတ်သက်သည့်အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသော်လည်း ကိုဇော်ဝင်းမြင့်သည် တော်လှန်ရေးနှင့် သက်ဆိုင်သူမဟုတ်ဘဲ အေးချမ်းစွာ နေထိုင်သူတစ်ဦးသာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ ကိုဇော်ဝင်းမြင့်မှာ ကလေးတစ်ယောက်ရှိတယ်။ သူ့ဟာသူ အေးဆေးနေတာ၊ တော်လှန်ရေးနဲ့ပတ်သက်တာ ဘာမှမလုပ်ဘူး။ အခုသူ့မိသားစုက အလောင်းတောင်သွားမယူရဲဘူး။ဧပြီ ၁၀ရက်နေ့က စစ်တပ်ဝါဒဖြန့်ချန်နယ်တွေမှာတော့ ကိုဇော်ဝင်းမြင့်ကို လက်နက်တွေနဲ့မိတဲ့ပုံ အလောင်းပုံတွေတင်ထားတယ်” ဟု မိသားစုနှင့် ရင်းနှီးသူတစ်ဦးကပြောသည်။
လက်ရှိတွင် ပျူစောထီးများသတ်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ကိုဇော်ဝင်းမြင့်အလောင်းအား ညောင်လေးပင်ဆေးရုံ၌ ထားရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်ကလည်း ညောင်းလေးပင်မြို့နယ်၊ ရေဖြူကန်ရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၄ဦးသေဆုံးခဲ့ပြီး ၁၄ဦးဒဏ်ရာရရှိခဲ့သည်။