စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကောလင်းတိုက်ပွဲကို မဟာဗျူဟာတစ်ခုလုံးနှင့် ချိတ်ဆက်ပုံဖော်ကာ တိုက်ပွဲဝင်နေကြောင်း NUG၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
ယနေ့(ဧပြီ၃၀ရက်) ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ဘက်က မဟာဗျူဟာတစ်ခုလုံးနဲ့ချိတ်ဆက်ပြီးတော့ ဒီကောလင်းတိုက်ပွဲကိုလည်း ကျွန်တော်တို့ပုံဖော်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ အနေအထားမျိုးမှာ ရှိတယ်လို့ဖြေကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
ကောလင်းတိုက်ပွဲသည် မပြီးသေးသည့် တိုက်နေဆဲ တိုက်ပွဲဖြစ်ကြောင်းလည်း ဆိုသည်။
“ ကောလင်းမြို့ရဲ့ ပတ်လည်နေရာမှာ တပ်ဖွဲ့တွေရှိနေဆဲဖြစ်သလို ကောလင်းတိုက်ပွဲ ရလဒ်ကိုပြောဖို့ဆိုတဲ့ကိစ္စက ကောလင်းတိုက်ပွဲ မပြီးသေးတဲ့အတွက်ကြောင့်မလို့ တိုက်ပွဲဖြစ်နေဆဲအနေအထားလို့ပဲ ပြောလို့ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဦးလွင်ကိုလတ်က ဆက်လက်ပြောသည်။
ကောလင်းမြို့ကို တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ်၊နိုဝင်ဘာ ခြောက်ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ၃လကျော်အကြာ ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီ ၁၃ရက်၌ စစ်ကောင်စီတပ်က အ ပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ကောလင်းမြို့တွင် NUGအစိုးရ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်(Spring Development Bank – SDB)ကို မြေပြင်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်သွားမည်ဟု NUGအစိုးရက ပြောကြားခဲ့ခြင်းအပေါ် မဖြစ်တော့သည့် စီမံကိန်းတစ်ခုမဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
“ကောလင်းမှာ ဘဏ်ဖွင့်မယ်ဆိုတဲ့ကိစ္စကတော့ မဖြစ်တော့တဲ့ စီမံကိန်းတစ်ခု မဟုတ်ပါဘူးဗျာ။ခေတ္တလေး ရွှေ့ဆိုင်းထားတဲ့ စီမံချက်တစ်ခုသာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကောလင်း အခြေအနေနှင့်ပတ်သက်ပြီး မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးထံ MPAက မေးမြန်းရာ နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲများ ရှိနေကြောင်း ပြောသည်။
“ ကောလင်းအရှေ့ခြမ်း၊ အနောက်ခြမ်းမှာလည်း ထိတွေ့မှုက ကြိုကြားကြိုကြားနဲ့ နေ့စဉ်ရှိနေတာပေါ့” ဟု ၎င်းက MPAသို့ ပြောသည်။
လက်ရှိတွင် ကောလင်းမြို့နယ်အတွင်းရှိ စစ်ရှောင်များရော တော်လှန်ရေးတပ်များပါ ရေရှားပါးမှု ပြဿနာကို အဓိကရင်ဆိုင်နေရကြောင်း သိရသည်။