ချင်းကာကွယ်ရေးတပ် (CDF) မဟာမိတ်ပူးပေါင်းတပ်များ အသာစီးရယူနိုင်ခဲ့သည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် CDF နှင့်PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်တွင် ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက အာရက္ခတပ်တော်(AA)၏ အကူအညီဖြင့် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။
“ ကျမတို့မသိမ်းနိုင်သေးဘူး။ အခုပြန့်နေတာကတော့ နည်းနည်း သတင်းမှားလို့ပြောမလား။ ကျမတို့သိမ်းနိုင်ရင်တော့ လုံးဝတရားဝင် page တွေကနေ ထုတ်ပြန်မှာပါ။ အခုက တော်တော်တော့ နီးစပ်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ အဲ့လိုကြီးသိမ်းနိုင်ပြီလို့တော့ ယတိပြတ်ပြောလို့မရသေးဘူး” ဟု CDF(Kanpetlet)၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
လက်ရှိသက်ဆိုင်ရာအဖွဲ့အစည်းများက ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒေသတွင်းမီဒီယာအချို့နှင့် မီဒီယာအချို့တွင် ကျင်ဒွေးမြို့အား မဟာမိတ်ကာကွယ်ရေးပူးပေါင်းတပ်များသိမ်းပိုက်ဟူသော သတင်းများပြန့်နှံ့လျက်ရှိသည်။
ယင်းနှင့်ပတ်သက်၍ ကျင်ဒွေးသတင်းသည် ထုတ်ပြန်ရန်မသင့်သေးကြောင်းနှင့် တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စတင်တိုက်ခိုက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တပ်ရင်းများ၊ ချင်းညီနောင်နှင့် အာရက္ခတပ်တော်အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များဘက်က အကျအဆုံးများခဲ့သလို စစ်ကောင်စီဘက်ကလည်း အကျအရှုံးများနေဆဲဖြစ်ကြောင်း CDF (မင်းတပ်)၏ စစ်ဒေသမှူးနိုင်းတမ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ပြောကြားထားသည်။
“ ကျင်ဒွေးမြို့ထဲကနေ စကစတွေဆုတ်သွားတယ်ဆိုတာက ဟုတ်တယ်။ ဒါပေမဲ့ ပြန်စုစည်းပြီးမြို့တွင်းကိုပြန်ဝင်နိုင်တဲ့အနေအထားလို့သိရတယ်။ ပြီးတော့ လောင်းရှည်ကပစကနေ စစ်ကူပို့ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။ စစ်တပ်ကလေကြောင်းကနေ လာပြီးပစ်နေတဲ့အနေအထားဗျ။ တိုက်ပွဲကဆက်လက်ပြင်းထန်နိုင်ပါတယ်” ဟု ကျင်ဒွေးမြို့သိမ်းတိုက်ပွဲစစ်ရေးနှင့် နီးစပ်သူမင်းတပ်ဒေသခံတစ်ဦးက ဆိုသည်။
ကျင်ဒွေးမြို့မကျရှုံးရေး စစ်ကောင်စီက အသည်းအသန်ကာကွယ်နေပြီး တိုက်ပွဲအတွင်း ရဟတ်ယာဥ်ဖြင့် စစ်ကူ(၅၀၀)ကျော်ချပေးခဲ့ကာ ဂျက်ဖိုက်တာနှင့်လေကြောင်းပစ်ကူအများအပြားပေးနေကြောင်း စုံစမ်းသိရှိရသည်။