ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီစစ်သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ယနေ့တွင် မီးထပ်မံလောင်ကျွမ်းလျက်ရှိကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။
“ စစ်ကောင်စီဘက်က သင်္ဘောနဲ့ပစ်နေတာ၊ လောင်တာကတော့ စောနကတင် အိမ်နှစ်လုံး၊ သုံးလုံးလောက်ထပ်လောင်တယ်။ လူထောင်နဲ့ချီ ပိတ်မိနေတယ်။ များသောအားဖြင့် ကလေးငယ်၊ လူငယ်၊သက်ကြီးရွယ်အိုတွေ ပိတ်မိနေတယ်၊ စားစရာလဲ မရှိဖြစ်နေတာ “ ဟု ဓမ္မသကျေးရွာတွင်နေထိုင်သော ဒေသခံတစ်ဦးက ဆိုသည်။
ယမန်နေ့ မတ်လ ၂၇ ရက်၊ ညနေပိုင်းကလည်း ဓမ္မသကျေးရွာအတွင်းသို့ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းမှနေ၍ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်များမီးလောင်ကျွမ်းကာ အိမ်ခြေပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားသည်။
” အခု မီးထပ်လောင်နေတာ ဟုတ်ပါတယ်။ မီးသတ်ကားတွေ ထွက်သွားတယ်။ စကစ သင်္ဘောကနေပြီး လက်နက်ကြီးတွေ လှမ်းပစ်နေတယ် ” ဟု ဓမ္မသရွာသားတစ်ဦးက ထပ်မံအတည်ပြုသည်။
ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို မတ်လ ၂၅ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် တရနာကျေးရွာတွင် နေရာယူကာ ကော့ဘိန်းရွာနှင့် ဓမ္မသရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ယခုကဲ့သို့ ဆက်တိုက်မီးလောင်ကျွမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
” လက်ရှိတိုက်ပွဲက မဖြစ်ပါဘူး။ မနေ့ကဆိုလဲ မီးလောင်တဲ့ဟာ သူတို့(စကစ)သင်္ဘောနဲ့ပစ်ထည့်လိုက်တာ လက်နက်ကြီး ၃ လုံးမှာ ၂ လုံးကွဲပြီးမီးလောင်တယ်။ အခုလဲ မီးထပ်လောင်နေတယ်ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဂဠုန်စစ်ကြောင်းရှိ ရဲဘော်တစ်ဦးကဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် မီးလောင်ကျွမ်းမှု အခြေအနေများကြောင့် ဓမ္မသကျေးရွာအပါအဝင် အနီးပတ်တန်းကျင်ကျေးရွာများမှ ပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး အခက်အခဲမျိုးစုံဖြင့်ရင်ဆိုင်နေရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပြောကြားထားသည်။
ဓမ္မသကျေးရွာသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီရဲစခန်းရှိရာ ကော့ဘိန်းရွာနှင့် လေးမိုင်ဝန်းကျင်အကွာတွင် ရှိပြီး ဂျိုင်းမြစ်ကမ်းနဖူးပေါ်တွင်တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။
လက်ရှိတွင် ဓမ္မသကျေးရွာက ဒေသခံများအနေဖြင့် အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်လျက်ရှိကြောင်း သိရသည်။
ယနေ့မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ အသေးစိတ်အခြေအနေများကို MPA က ဆက်လက်စုံစမ်းလျက်ရှိသည်။