စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ အရေးပေါ်တိမ်းရှောင်လာရသည့် ဒေသခံပြည်သူ ၅၀၀၀ ခန့်သည် လက်ရှိအချိန်တွင် နေထိုင်စားသောက်ရန်အလွန်ခက်ခဲနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီဘက်က စစ်သင်တန်းတက်ရန် အင်အားသုံးစာရင်းကောက်ယူရန်ကြိုးစားသဖြင့် ဇီကုန်းတိုက်နယ်အတွင်းရှိ သပြေသာ၊ ကျောင်းကုန်းနှင့် ဖိုလ်ကုန်းကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀၀ ခန့်မှာ မတ်လ ၂၅ ရက်တွင် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
“လက်ရှိမှာ နီးစပ်ရာရွာတွေနဲ့ တော်လှန်ရေးအင်အားစုတွေက စုဝေးတိုင်ပင်ကျွေးမွေးကြတယ်။ လူများတော့ အစားအသောက်နဲ့ နေရေး၊ ထိုင်ရေး အခက်အခဲအတော်ဖြစ်ပါတယ်၊ လုံခြုံရေးအရ အကုန်တော့ ပြောမရဘူးဗျ။ စစ်ကြောင်းထပ်တိုးလာရင် အရေးပေါ်ခေါ်ထုတ်နိုင်ဖို့လဲ ကြိုတင်ပြင်ဆင်ထားရတယ်၊ အဲ့ဒီလူ ၅ ထောင် အိပ်ဖို့ နေရာစီစဉ်ဖို့ဆိုတာ အတော်ခက်ခဲတယ်၊ အစားအသောက်အတွက် ကျေးရွာတွေကလည်း ဆန်ပဲအဓိကထောက်ပံ့နိုင်ကြတာ၊ ပဲဟင်းရည်၊ ငရုပ်သီး ၊ အချဉ်ရည်လောက်နဲ့ပဲ စီစဉ်ကျွေးမွေးနိုင်ကြတာပါ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်တို့သည် စစ်ကောင်စီ၊ ပျူစောထီးအထိုင်ကျေးရွာများနှင့် အလွန်နီးကပ်ခြင်းကြောင့် အမြဲတမ်းနီးပါး စစ်ဘေးရှောင်နေကြရပြီး အချို့ရွာများရှိပြည်သူများ စစ်ဘေးရှောင်ရသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ တိုးလာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများလည်း ကြုံတွေ့လာရကြောင်း သိရသည်။
စစ်ဘေးရှောင် အမျိုးသားတစ်ဦးက“သူတို့ နိုင်ရာနဲ့ကျွေးမွေးကြတယ်။ သူတို့ကလည်း ကျုပ်တို့ပြည်သူကို အား နာရှာတယ်။ အဲ့လိုလေးပဲကျွေးနိုင်လို့တဲ့ ကျုပ်တို့ကလဲ သူတို့အခုလိုကျွေးမွေးပေးကြတာကို ကျေးဇူးတင်ပါတယ်၊ ကိုယ့်အိမ်ကိုယ့်ရာမှမဟုတ်တာပဲ အဆင်ပြေပါတယ်၊ ကျုပ်တို့ပြည်သူတွေကို မျက်နှာလွှဲ ခဲပစ်မလုပ်တာနဲ့တင်ကို ကျေးဇူးတင်လှပါပြီ ” ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် ၎င်းတို့စိုးမိုးထားသည့် ကျေးရွာအတော်များများတွင် အိမ်ထောင်စုစာရင်းနှင့် တိုက်စစ်ကာ စစ်သင်တန်းတက်ရောက်ရန် အတင်းအကျပ်ဖိအားပေးခြင်း၊ လျှောက်လွှာဖြည့်ခိုင်းခြင်းများ လုပ်ဆောင်နေပြီး၊ ရပ်ဝေးသို့ ပြောင်းရွှေ့နေကြသူများကိုပါ မဖြစ်မနေပြန်ခေါ်ရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီဘက်က ရှေ့ကင်းတွေချ၊ လက်နက်ကြီးတွေရမ်းပစ်ပြီး အင်အားနဲ့လာတာလို့ သိတော့၊ ဘယ်သူမှ +မနေရဲကြဘူး၊ အကုန်ထွက်ပြေးရတာ။ ဒီစစ်ကောင်စီမကောင်းမှန်းသိသားနဲ့တော့ ကိုယ့်သားသမီးလဲ သင်တန်းအတက်မခံနိုင်ဘူး။ သူတို့အတွက်လဲ အသေမခံပေးနိုင်ဘူး”ဟု စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ဆိုသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကြောင့် ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူပိုင်နေအိမ် (၁၉၆၂) လုံးထိ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဈေးဆိုင်ခန်း၊ ဆေးပေးခန်း၊ စာသင်ဆောင်နှင့် ဘာသာရေးအဆောက်အဦးများလည်း ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ယင်းတစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သည် အဆိုပါခရိုင်အတွင်းရှိ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်မီးရှို့သတ်ဖြတ်ခြင်းများအပြင် လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ (၁၇၇)ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခုတည်းမှာပင် ပြည်သူ (၁၅၇) ဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရာ ထိုထဲတွင် အသက်မပြည့်သေးသည့် ကလေး ၂၇ ဦးပါဝင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။