ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က အလုံးစုံ ပျက်စီးရန် ရည်ရွယ်ကာ အပြင်းအထန်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )ပြောခွင့်ရက ဆိုသည်။
လက်ရှိတွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့၊ ၆-ရပ်ကွက်မှာ လုံးဝပျက်စီးနေပြီး တစ်မြို့လုံး ပျက်စီးအောင်လည်း တိုက်ခိုက်နေကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ မင်းတို့တော်လှန်ရင် အကုန်လုံးကို ဖျက်ဆီးမယ်ဆိုတဲ့ကြောက်စိတ်ကို ထည့်လိုက်တဲ့အနေအထားတွေ့တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို လေကြောင်းမှနေ၍ ဓာတုဗုံးဟုယူဆရသည့် ဗုံးများကြဲသည့်အပြင်လက်နက်ကြီးဖြင့်လည်း နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်း ဆီဆိုင်မြို့လယ်ခေါင်တွင် တင့်ကား ၃စီးဖြင့် ကင်းပတ်ကာ ပစ်ခတ်နေသည့်အတွက် ဆီဆိုင်မြို့တွင်း၌ ပျက်စီးမှုများစွာဖြစ်ပေါ်နေကြောင်း သိရသည်။
“ ပြည်သူလူထုနဲ့ကျွန်တော်တို့ကြားကို သွေးခွဲတဲ့ အနေအထားတစ်ခုလည်း ဖြစ်တယ်။ဒါကြောင့် စစ်အာဏရှင်စနစ်ပြုတ်ကျမှသာ စစ်အာရှင်စနစ် အမြစ်ပြတ်မှသာ စစ်ဘေးဒုက္ခတွေ ကင်းလွတ်မယ်ဆိုတာကို အတူတူနားလည်ပြီးတော့ ဒီတော်လှန်ရေးခရီးကို အတူတူလျှောက်လှမ်းကြဖို့ဖြစ်ပါတယ်” ဟု ၎င်း ကပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်နေရသည့် ဆီဆိုင်မြို့ခံများအနေဖြင့် ဆီဆိုင်မြို့တွင်းသို့ မဝင်ရောက်ရန် PNLAတပ်ဖွဲ့က မေတ္တာရပ်ခံထားကြောင်းနှင့် ဆီဆိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(PNO)က ဖမ်းဆီးထားကြောင်း ဆီဆိုင်မြို့ခံတစ်ဦးက ပြောသည်။
“ အခုက သေချာတော့မသိရဘူး။စစ်ဘေးရှောင်စခန်းမှာ နေရတာအဆင်မပြေတဲ့ ပြည်သူ ၂၀ကျော် ဆီဆိုင်မြို့ထဲကို ပြန်ဝင်တဲ့အချိန်ပြည်သူ့စစ်(PNO)တပ်ဖွဲ့တွေက ဖမ်းပြီး ဘယ်ခေါ်သွားမှန်းမသိဘူး။ပျောက်နေတဲ့ ဒေသခံတွေက ၂၀ကျော်တယ်။ဘယ်မှာ ဖမ်းထားလဲဆိုတာလည်း မသိဘူး။လိုက်လည်း ထုတ်မရဘူး။အသတ်ခံရတဲ့သူတွေလည်းရှိနေတယ်ကြားတော့ ဘယ်သူမှ မြို့ထဲမဝင်ရဲတော့ဘဲ ဘေးလွတ်ရာမှာပဲ နေနေကြတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုလမှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့များနှင့် ကျေးရွာများကို စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်နေကြောင်း ခွန်ရိန်းယံက ပြောသည်။