မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အဓမ္မစစ်မှုထမ်းရန် ရွေးချယ်ထားသူအချို့ကို မတ်လ၃၀ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)သို့ ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း ပထမအသုတ် အဓမ္မစစ်မှုထမ်းရန် ၇၅ဦး ခွဲတမ်းချခံရပြီး ယင်း၇၅ဦးအ နက် ၃၅ဦးကို မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မတ်လ၃၀ရက် ပို့ဆောင်ရန် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ထံ မတ်လ၂၇ရက်က ညွှန်ကြား လိုက်ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
“အရင်က မေလကျမှ တပ်ထဲပို့မယ့် ၇၅ဦး ဆေးစစ်ရမယ်။ဆေးအောင်တဲ့သူ ခေါ်မယ်လို့ပြောထား တယ်။အခုကတော့ မနေ့(မတ်လ၂၇ရက်)ကမှ စာဝင်လာတယ်။၇၅ဦးထဲက ပထမအသုတ် ၃၅ဦး မတ်လ၃၀ရက် ပို့ရမယ်တဲ့။ ရေးဘက်မှာရော ကရင်ပြည်နယ်ထဲမှာရော ကရင်နဲ့မွန်အစပ်မှာရော တိုက်ပွဲတွေပိုများလာလို့ စစ်တပ်မှာ လူမရှိတော့လို့ မြန်မြန်စစ်သင်တန်းပေးပြီး သွားအသေခံခိုင်းဖို့ အခု ဖုတ်ပူမီးတိုက် အမြန်လူပို့ခိုင်းတာထင်တယ်” ဟု ၎င်းက ပြောသည်။
မတ်လ၃၀ရက် ပို့ရမည့် ၃၅ဦးကို ဆေးမစစ်ဘဲ စစ်သင်တန်းတန်းပို့မည်ဖြစ်ပြီး ကျန် အယောက်၃၀ ပို့ရမည့်အချိန်ကိုမူ မသိသေးကြောင်း ၎င်းကဆိုသည်။
“ရတခ(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)ကို ၃၅ဦးပို့ရမယ်လို့ပဲ သိရတယ်။သူတို့ကို စစ်သင်တန်း ဘယ်နေရာမှာပေးမလဲဆိုတာ လျှို့ဝှက်ထားလို့ မသိရသေးဘူး။ချောင်းဆုံအုပ်ချုပ်ရေးမှူး ဇော်နိုင် ဝင်းကိုယ်တိုင် ဘယ်မှာသင်တန်းပေးမလဲဆိုတာ မသိသေးဘူး” ဟု ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန် ထမ်းက ဆိုသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေး ရွာတို့သည် အဓမ္မစစ်မှုထမ်းရန် ခွဲတမ်းချခံရသည့် အရေအတွက်အတိုင်း ငွေပေးကာ ဌားရမ်းနေကြကြောင်း သိရသည်။
“ကိုယ့်ရွာက ခွဲတမ်း ၂ယောက်ဆို အဲဒီ၂ယောက်အတွက် ရွာကအိမ်ထောင်စုတွေ တစ်အိမ်ဘယ် လောက် ဆိုပြီး အချိုးကျထည့်ပြီး စစ်ထဲလိုက်မယ့်လူကို ဌားရတယ်။ ပြောရရင် ပြည်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဌားပြီး ကိုယ့်ပြည်သူကို သွားအသေခံခိုင်းသလို ဖြစ်နေတယ်”ဟု ချောင်းဆုံ အရှေ့၊ဘုရားကြီးကုန်းနေ ပြည်သူတစ်ဦးကပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာ၅ရွာမှာ လူဌားမရသေးသဖြင့် မတ်လ၂၇ရက်ညနေမှစ၍ ဖုတ်ပူမီး တိုက်လူဌားလိုက်ရှာနေကြကြောင်း အုပ်ချုပ်ရေးဝန်ထမ်းကဆိုသည်။
“အစက မေလမှ ပို့ရမှာဆိုတော့ အေးဆေးလုပ်နေကြတာပေါ့။အခု ၃၀ရက် ပို့ရမှာဆိုတော့ အဲဒီ ၅ရွာ ကအခုမှ ရွာကလူတွေ ပိုက်ဆံစုရတယ်။လူဌားလည်း လိုက်ရှာနေရတယ်” ဟု ၎င်းကပြောသည်။
စစ်တပ်ထဲ အဌားလိုက်ကြသူများထဲတွင် ချောင်းဆုံဒေသခံ ရာခိုင်နှုန်း ၂၀ ခန့်သာ ပါဝင်ပြီး ကျန် ရာခိုင်နှုန်း ၈၀မှာ အခြားဒေသများက ဖြစ်ကြောင်း သိရသည်။
“အခုစစ်ထဲ အဌားလိုက်တဲ့ ၈၀ရာခိုင်နှုန်းလောက်က ချောင်းဆုံမှာ လယ်စာရင်းဌားနဲ့ ရေလုပ်သား လာလုပ်နေတဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လူတွေ” ဟု ချောင်းဆုံအနောက်ပိုင်းရပ်ကွက်နေ ရဲတပ် ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း စစ်တပ်ထဲ အဌားလိုက်သည့်ပေါက်ဈေးမှာ ကျပ်သိန်း၃၀ မှ သိန်း၅၀ အထိ ဖြစ်ကြောင်း သိရသည်။