စစ်မှုထမ်းဥပဒေအတည်ပြုခဲ့ပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လောင်းကစားရုံများသို့ လူငယ်ထောင်နှင့်ချီ လာရောက်အလုပ်လုပ်ကိုင်နေကြကြောင်း အဆိုပါမြို့တွင် အလုပ်အကိုင်ရှာဖွေပေးနေသူ အချို့ထံက သိရသည်။
စစ်မှုထမ်းဥပဒေကိုအတည်ပြုပြဌာန်းခဲ့သည့် ဖေဖော်ဝါရီလမှစ၍ မြဝတီမြို့သို့လာရောက်အလုပ်လုပ်ကိုင်သည့် လူငယ်အများအပြားရှိခဲ့ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူများ၏စာရင်းကို စစ်ကောင်စီကလိုက်လံကောက်ခံကာ ဆင့်ခေါ်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပိုမိုများပြားလာခြင်းဖြစ်ကြောင်းအလုပ်အကိုင်ရှာဖွေပေးသူဦးကြည်က ပြောသည်။
“ဒီမှာက ငွေကောင်းကောင်းရတာ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေပဲလေ။ အလုပ်တွေကလည်း ဒါပဲရှိတာ ကလေးတွေကတစ်ခါတည်း သူတို့ဘာသာလိုင်းပေါ်ကနေ အလုပ်လုပ်မယ့်ကုမ္ပဏီနဲ့ ချိတ်လာကြတာ”ဟု ၎င်းကဆိုသည်။
တယ်လီဂရမ်ချန်နယ်ရှိ မြဝတီအလုပ်အကိုင်ရှာဖွေပေးရေး စာမျက်နှာတွင်လည်း အလုပ်အကိုင်ခေါ်ယူသည့်စာများမှာလည်း ထောင်ချီမကရှိနေပြီး၊ စစ်မှုထမ်းဥပဒေထွက်ရှိပြီးနောက် အလုပ်သမားခေါ်ယူမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။
အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးက “နိုင်ငံခြားပြေးဖို့လည်း ငွေမရှိဘူး၊ အိမ်မှာလည်းဆက်နေလို့မရဘူး၊ ရွေးစရာလည်းမရှိဘူး။ မကောင်းမှန်းသိလည်း လာရတာပဲ၊ တယ်လီဂရမ်ကနေ သူများပြလို့တွေ့ပြီးရောက်လာတာ၊ Finding တို့ Chatting တို့ killer တို့ အမျိုးမျိုးလုပ်ရတဲ့အပိုင်းတွေရှိတယ်၊ လစာတွေကလည်းမတူဘူး” ဟု ဆိုသည်။
အွန်လိုင်းဂိမ်းလုပ်ငန်း၊ ကာစတန်မာဆားဗစ်၊ အွန်လိုင်းမားကက်တင်း၊ ဟိုတယ်နှင့် ကာစီနိုဝိုင်းများတွင် လစာ အနေဖြင့် ထိုင်းဘတ်ငွေ အနည်းဆုံး ၁၅,၀၀၀ (မြန်မာငွေကျပ် ၁၅ သိန်းဝန်းကျင်) မှစပေးပြီး လုပ်ကိုင်ရသည့် နေရာအနေအထား တတ်ကျွမ်းမှုအပေါ်မူတည်၍ လစာများမတူညီကြပေ။
“တရုတ်စကားတတ်ရင် လစာပိုရတယ်၊ သူတို့ပြောတဲ့အတိုင်း တစ်ဖက်လူဆီက ငွေလိမ်နိုင်ရင် လစာအပြင် ကိုယ်လိမ်လိုက်တဲ့ငွေအပေါ်မူတည်ပြီး ရာခိုင်နှုန်းလည်းရတယ်၊ မလိမ်နိုင်ရင်တော့ အလုပ်ထုတ်တာတွေရှိတယ်။ တချို့လည်း တပြားမှမရကြဘဲ ထွက်သွားရတာ လျော်ရတာတွေရှိတယ်၊ ဒါပေမယ့်လည်း အလုပ်ကပေါတော့ ဒီထဲပဲလည်ပြီးလုပ်နေကြတာ၊ မပြန်တော့ဘူး” ဟု ငွေကြေးလိမ်လည်သည့် လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးက ရှင်းပြသည်။
လက်ရှိ မြဝတီမြို့နယ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် တရုတ်လောင်းကစားလုပ်ငန်း၊ အွန်လိုင်းငွေလိမ် လုပ်ငန်းပေါင်း ၃၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။
မြဝတီမြို့နယ်တွင်ရှိနေသည့် အွန်လိုင်းလောင်းကစားများနှင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရန် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စစ်ခေါင်းဆောင်များ ယခုနှစ်၊ ဇန်နဝါရီလအတွင်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။
စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်အများစုမှာ လွတ်မြောက်နယ်မြေများတွင် ခုံလှုံခြင်း၊ နိုင်ငံရပ်ခြားသို့ ထွက်ခွာခြင်းနှင့် နယ်စပ်မြို့များတွင် သွားရောက်အလုပ်လုပ်ကိုင်ခြင်းတို့ကို ပြုလုပ်လာကြသည်။