စစ်သား ၇၀၀ကျော် လိုက်ပါလာသော ရိက္ခာယာဉ်တန်းကို တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ ထံက သိရသည်။
ပေါက်နယ်၊ယောနယ် နှင့် ချင်းပြည်နယ် တို့သို့ ရိက္ခာ ပို့ရန် လာသော ကားအစီး ၁၂၀ကျော်ပါသည့် စစ်တပ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကြဲခြင်းအပြင် တစ်ပတ်အတွင်း ၁၀ ကြိမ်ထက် မနည်းလည်း မိုင်း ဆွဲခဲ့ရာ စစ်သား၆ဦးထက်မနည်း သေဆုံး၍ အယောက်၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ တပတ်အတွင်းမှာ မိုင်းဆွဲတယ်။ ဒရုန်း နဲ့ ဗုံးချတယ်။ အဲဒါကြောင့် အခုထိ ကမ္မ နားကနေ ရှေ့ မတက်နိုင်ဘဲ ဖြစ်နေတာ ။ ကမ္မ အနောက်ဘက်က ဂျိုးပျံ မှာပဲ ရှိသေးတယ်။ ရှေ့ပြေးထွက်လာလိုက် မိုင်းမိရင်ပြန်ဆုတ်လိုက်။ ကားတန်း နည်းနည်း ရွှေ့ လာလိုက် ဒရုန်းနဲ့ ချလိုက်ပဲ” ဟု မြိုင် ပကဖ တာ၀န်ခံ ဗိုလ်လကျာ် ကပြောသည်။
ယင်းရိက္ခာပို့စစ်ကြောင်းသည်မတ်လ ၁၉ ရက်နေ့မှ စ၍ ပခုက္ကူ တပ်မ- ၁၀၁ မှ ထွက်လာခြင်းဖြစ် ပြီး လက်ရှိအချိန်အထိ ပခုက္ကူမြို့နယ်၊ကမ္မမြို့အနီး၌သာ ရှိနေသေးကြောင်း သိရသည်။
“ ဒဏ်ရာရတဲ့ သူတွေကို ကမ္မ အရှေ့ဘက် ညောင်ဂျစ်ပင်ကနေ တစ်ဆင့် ပခုက္ကူကို ပြန်ပို့တယ်” ဟု ၎င်း ကဆက်လက်ပြောသည်။
လက်ရှိတွင် ယင်းရိက္ခာပို့ စစ်ကြောင်းသည် မြိုင် ဘက်သို့ တစ်ကြောင်းနှင့် ကမ္မ-ပေါက် ကားလမ်းမကြီးကို ဘေး ဘယ်ညာ ခွဲ ၍ တစ်ကြောင်း ရှေ့ပြေးများဖြင့် တိုး၀င်လျက် ရှိကြောင်း သိရသည်။
“ ရိက္ခာ ပို့ဖို့ ပဲ ။ရိက္ခာ ယာဉ်တင်ကို ၁၂၀ ကျော်တာကို။ အဲမှာ ချော ဆွဲ လာတာတွေလည်း ပါတယ်။ ခုထိတော့ သူတို့ သာကြီးတောင် ရေနံမြေ ကိုပဲ ပို့နိုင်သေးတယ်” ဟု မြိုင်နယ်အခြေစိုက်PDF ရဲဘော် တစ်ဦးက ပြောသည်။
ယင်းရိက္ခာပို့စစ်ကြောင်းကြောင့် ကမ္မ မြို့အနီး ရှိ အင်းဘတ်၊ မကျီးတန်း၊ ဂျိုးပျံ ၊ပုဂံမျှော်နှင့် ရန်ကင်းရွာအပါအ၀င် ကျေးရွာ ၁၀ရွာခန့်မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။