ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့လယ်ခေါင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကာ ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာအမျိုးသမီး ၃ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ၂၅ရက်၊ ည ၉နာရီကျော်က လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်အတွင်းရှိ မင်းမဟော်ဟိုတယ်အနီးသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကာ ဒရုန်းဖြင့် မီးလောင်ဗုံးများ ကြဲချခဲ့ကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။
“ မနေ့ည ၉နာရီလောက်က လက်နက်ကြီးနဲ့ ၄ ချက်ပစ်တယ်။ပြီးတော့ ဒရုန်းဗုံးကြဲတာ အကြိမ် ၂၀ကျော်တယ်။ဆက်တိုက်ကိုကြဲတာ။ဒရုန်းနဲ့ကြဲတဲ့ ဗုံးတွေက ကျတာနဲ့ကို မီးတွေလောင်သွားတာ။အဆောက်အအုံ တော်တော်များများ မီးလောင်သွားတယ်” ဟု ၎င်းက ပြောသည်။
မင်းမဟော် ဟိုတယ်အနီးရှိ အမျိုးသမီး၃ဦးမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း လွိုင်ကော်မြို့အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဲ့ဘက်မှာ နေတဲ့ပြည်သူက အနည်းငယ်ပဲရှိတာပါ။အဲ့အမျိုးသမီး ၃ယောက်မှာ တစ်ယောက်က အသက်နည်းနည်းကြီးတယ်။ကျန်တဲ့နှစ်ယောက်က အသက် ၂၀ကျော်တွေပဲ။သူတို့က အညာဘက်ကနေ လွိုင်ကော်မှာ အလုပ်လာလုပ်ကြတာ။သူတို့သူဌေးက စစ်ရှောင်နေတော့ သူတို့လည်း ဘယ်မှမပြေးဘဲ အဲ့မှာနေ နေတာဖြစ်မယ်” ဟု ၎င်းက ပြောသည်။
ယနေ့(မတ်လ၂၆ရက်) နံနက်ပိုင်းမှ မွန်းလွဲ၂နာရီကျော် အထိ လွိုင်ကော်မြို့တွင်း၌ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလုံးဝမရှိသေးကြောင်း လွိုင်ကော်မြို့အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဒီနေ့မနက်ကနေ အခုထိတော့ ဘာထိတွေ့မှုမှမရှိဘူး။အားလုံးငြိမ်နေတယ်။ နှစ်ဘက်လုံးပစ်ခတ်တာမရှိဘူး။စစ်တပ်ဘက်က လေယာဉ်လာတာလည်း အခုထိ(မွန်းလွဲ၂နာရီ) လာတာမတွေ့ရဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံးအတွင်းနှင့် အနီးတစ်ဝိုက်၌ ကင်း များချကာ လုံခြုံရေးတင်းကျပ်ထားကြောင်း MPAက စုံစမ်းသိရသည်။