စစ်ကောင်စီပြဌာန်းသော စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လူငယ်များအား ရပ်ကျေး အုပ်ချုပ်ရေးရုံးများမှတဆင့် ဆင့်ခေါ်မှုများပြုလုပ်နေကြောင်းသိရသည်။
မုံရွာမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ စစ်မှုထမ်းရန်ဆင့်ခေါ်သည့် စာများကို ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များက လိုက်လံဝေငှနေခြင်းဖြစ်သည်။
“ ဘယ်လိုပြောရမလဲပေါ့ ဆင့်ခေါ်တဲ့ပုံစံက တစ်ရပ်ကွက်လုံးအနေအထားဆိုတာထက် လမ်းငါးလမ်းကျော်လောက်ကိုပတ်ပြီးဝေတာပေါ့၊ ကွက်ကျားခေါ်တာပေါ့လေ၊ ကျွန်တော့အကိုဆိုရင် ဆင့်ခေါ်ခံရတဲ့အထဲပါတယ်၊ သူ့အနေနဲ့ဆိုလုံးဝမဝင်ချင်ဘူး” ဟု စစ်မှုထမ်းရန် ဆင့်ခေါ်စာများပေးပို့ခြင်းခံရသည့် မုံရွာမြို့နယ်၊ ရုံးကြီးရပ်ကွက်တွင်နေထိုင်သူတစ်ဦးကဆိုသည်။
ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်စာပေးပို့ခံရသည့်လူငယ်များအနေဖြင့် စစ်မှုထမ်းဆောင်ရန် မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်ပြီးစစ်မှုထမ်းဆောင်မှုမပြုလိုပါက ယာယီရှောင်လွှဲနိုင်ရန် ငွေကျပ်သိန်း ၅၀ ပေးဆောင်ရမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးများကတောင်းယူနေသည်ဆိုသည့် သတင်းများလည်းထွက်ပေါ်နေသည်။
“ ဆင့်ခေါ်တဲ့စာပို့ခံရတဲ့သူတွေက မဲနှိုက်ရမယ်၊ မဲပေါက်ခဲ့ရင် ဝင်ချင်လား၊ မဝင်ချင်ဘူးလားပေါ့။ မဝင်ချင်ရင် သိန်း ၅၀ ပေး ခဏရှောင်ထားလို့ရမယ်ပေါ့ တစ်လ လောက်ဖြစ်ဖြစ်ဆိုပြီး အဲ့ဒီလိုတောင်းတယ်” ဟု ရုံးကြီးရပ်ကွက်ရှိသတင်းရင်းမြစ်က ရှင်းပြသည်။
ထိုသို့ ဆင့်ခေါ်ခံရသည့် လူငယ်အချို့က စစ်မှုထမ်းခြင်းအား ရှောင်လွှားနိုင်ရန် နေရပ်များမှတိမ်းရှောင်ခြင်းများအပြင် ဒေသတွင်းအခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ သွားရောက်ရန် ဆက်သွယ်မှုများလည်းရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ အခုကျွန်တော်တို့ဆီမှာက တချို့ပေါ့ သူတို့ကရွှေ့သွားကြတယ်၊ ကျွန်တော့်ဆီကိုပဲ PDF တွေဆီသွားချင်လို့ လာဆက်သွယ်ကြတာ လူ ၂၀ ကျော် ၃၀ လောက်ရှိတယ်။ Non CDM တွေကအစပေါ့၊ သူတို့လဲ ဒီကိစ္စနဲ့ပတ်သတ်ပြီး မနေရဲတော့ဘူးပေါ့နော်၊ လာဆက်သွယ်တာ ယောကျာ်းလေးတွေတင်မကဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီကအသက်သွင်းခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် စစ်မှုထမ်းစာရင်းလိုက်လံကောက်ယူသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ သတ်ဖြတ်ခံရမှုအပြင် ရန်ကုန်တိုင်းအတွင်းမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ တာဝန်မှနုတ်ထွက်မှုများရှိနေကြောင်း သိရသည်။