စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁၀ရက်တွင် ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်းများမှ အလုပ်သမားများသည် အလုပ်ထွက်မှုများပြားလာသဖြင့် လုပ်ငန်းရှင်များ အလုပ်သမားပြတ်လပ်မှု ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် နယ်မှလာသည့် အဆောင်နေ အလုပ်သမားအများစိုကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးခြင်း နှင့် ပေါ်တာဆွဲသည်ဟူသော သတင်းများကြောင့် အလုပ်ထွက်ပြီးနယ်ပြန်သူများနှင့် စစ်မှုထမ်းရန် မဲပေါက်မှုကြောင့် ဆင့်ခေါ်စာကျကာ နယ်ပြန်ရသည့် အလုပ်သမားများ ရှိလာသည့်အတွက် အလုပ်သမားပြတ်လပ်မှု ကြုံတွေ့နေရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရွှေပြည်သာ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက MPA သို့ပြောသည်။
“ ကျတော့်စက်ရုံမှာက ဝန်ထမ်း ၃၀၀လေက်ရှိတယ်။ ဒီလ ၁၅ရက်ကနေစပြီးတော့ အလုပ်သမားတွေ တဖြည်းဖြည်းနဲ့ထွက်နေတာ၊ ဒီနေ့ထိကို ၁၀၀လောက်ရှိနေပြီ၊ ကြာရင်လုပ်ငန်းက လုံးလုံးရပ်သွားနိုင်တယ်။ အလုပ်သမားအသစ်ကလဲ ရှာရခက်နေတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေထွက်ပေါ်ပြီးနောက် အလုပ်သမားများသည် အချိန်ပိုမဆင်းတော့သဖြင့် လုပ်ငန်းလည်ပတ်မှု များလည်း နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း အထည်ချုပ်စက်ရုံတစ်ခုမှ မန်နေဂျာ အမျိုးသားတစ်ဦးကပြောသည်။
“စစ်မှုထမ်းဥပဒေ ထွက်ပြီးထဲက အလုပ်ပြန်ချိန်တွေဆို ဖမ်းတာလိုလို စစ်ဆေးတာတွေရှိတော့ အလုပ်သမားအများစုက အချိန်ပိုတွေမဆင်းတော့ဘူး။ ညနေ ၅ နာရီဆို ပြန်ကြပြီ၊ အချိန်ပိုတွေမဆင်းတော့ စက်ရုံမှာ အထည်တွေပုံနေကော။ အခုဆိုပိုဆိုးတယ် အလုပ်တွေထွက်၊ နယ်တွေပြန်ကြဆိုတော့ စက်ရုံက သိပ်ပြီးမလည်ပတ်နိုင်တော့ဘူး ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီက စက်ရုံအလုပ်သမားများ နေထိုင်ရာ အဆောင်များသို့ စစ်မှုထမ်းရန် စာရင်းကောက်ယူသည့်အပြင် စစ်မှုထမ်းရန် လူလိုလျှင် စက်ရုံများမှ စာရင်းကောက်ခံမည်ဟု သတင်းထွက်ပေါ်နေမှုများကြောင့် အလုပ်သမားများ အလုပ်ထွက်ခြင်းဖြစ်နိုင်သည်ဟု အထက်ပါ မန်နေဂျာက သုံးသပ်သည်။
“ကျတော်က နယ်ကတက်လာပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တာပါ။ အဆောင်မှာ ဧည့်စာရင်းတိုင်ပြီးနေတယ်။ စစ်မှုထမ်းဖို့ စာရင်းလာကောက်တော့ မဲပေါက်ရင် စစ်မှုထမ်းရမယ်လို့ အပိုင်ရာအိမ်မှုးကပြောပြီး အဆောင်ရှင်ကို အုပ်ထိန်းသူနေရာမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒါကြောင့် အဆောင်ပိုင်ရှင်ကော ရပ်ကွက်ထဲကသူတွေကော မသိခင် တဆောင်လုံး မနေ့က ထွက်ပြေး လာတာ” ဟု ရွှေပြည်သာမြို့တွင်းရှိ အဆောင်တစ်ခုမှ အသက် ၂၀အရွယ် အမျိုးသား တစ်ဦးကပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှစတင်၍ ကျေးရွာအုပ်စုများ ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များထံ ညွန်ကြားကာ စစ်မှုထမ်းမည့် စာရင်းများ ကောက်ယူခြင်း၊ မဲနှိုက်ခိုင်းခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။