ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းရန်အတွက် လူငယ်များကို အုပ်ချုပ်ရေးမှူးများက ဖိအားပေးနေခြင်းကြောင့် လူငယ်အများအပြား တော်လှန်ရေးရဲဘော်များထံသို့ ဆက်သွယ်လာကြသော်လည်း ရိက္ခာလိုအပ်ချက်ကြောင့် လူအနည်းငယ်သာခေါ်ယူထားနိုင်ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက စုံစမ်းသိရှိရသည်။
စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီးနောက် ရောက်ရှိလာသည့် လူငယ် ၆၀ နီးပါးကို စစ်သင်တန်းများပို့ချပေးနေပြီး ယခုထပ်မံလာရောက်ရန် လူငယ်အများအပြားဆက်သွယ်နေကြကြောင်း ဝေါမြို့နယ် ပ က ဖ တာဝန်ခံက ပြောသည်။
“အခုနောက်ထပ်လာဖို့ ဆက်သွယ်လာတဲ့သူတွေကအများကြီး။ အခုရက်ပိုင်းက စစ်မှုထမ်းဖို့က မဲနှိုက်တာတွေ၊ စာရင်းကောက်တာတွေလုပ်နေပြီလေ၊ မဖြစ်မနေအိမ်မှာနေလို့မရတဲ့ သူတွေလောက်ပဲ ခေါ်ထားနိုင်တော့တယ်၊ ဘာလို့လဲဆို ရိက္ခာကမရှိဘူးလေ၊ ရိက္ခာလုံလုံလောက်လောက်ရှိရင်တော့ အကုန်ခေါ်ထားချင်ပါတယ်” ဟု ၎င်းကရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထံကလည်း ထောက်ပံမှုများမရရှိသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခြင်းကြောင့် ရိက္ခာလိုအပ်ချက် ပိုမိုကြီးမားလာကြောင်း ၎င်းကဆက်လက်ပြောသည်။
“အရင်တုန်းကတော့ ထောက်ပံ့မှုရတယ်၊ အခုထောက်ပံ့မှုမရတာ တစ်နှစ်ကျော်ကြာပြီ၊ တစ်နိုင်ငံလုံးက PDF တွေကို NUG က ထောက်ပံ့နေရတော့ အစ်ကိုတို့လို ပကဖ တွေ၊ ပအဖ တွေ အပေါ်တော့ထောက်ပံ့မှုနည်းတယ်။ အဲဒါကြောင့် ပြည်သူတွေသာ အားကိုးရာဖြစ်တဲ့အတွက် ပံ့ပိုးကြပါ၊ ကူညီကြပါ၊ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြပါ၊ ဒါမှ ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့ စစ်တပ်ကို အမြန်ဆုံးအဆုံးသတ်နိုင်မှာ”ဟု ၎င်းက တိုက်တွန်းထားသည်။
ဝေါမြို့နယ်တွင်လည်း ယခုရက်ပိုင်း စစ်ကောင်စီကလူငယ်များ စစ်မှုထမ်းရန်အတွက် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“မဲနှိုက်ခိုင်းတာတွေ၊ ကိုယ်ရေးအချက်အလက် ဖြည့်ခိုင်းတာတွေ အခုတစ်ပတ်လောက်မှ အကောင်ထည်ဖော်လာတယ်။ တစ်ရပ်ကွက်၊ တစ်အုပ်စုကို အနည်းဆုံး အပတ်စဉ် ၁ စစ်သင်တန်းတက်ဖို့ ၄ ယောက်အနည်းဆုံး ခေါ်နေတာ။ ပိုက်ဆံရှိတဲ့ လူငယ်တွေကတော့ငွေပေးပြီး လူလဲခိုင်းတာတွေ၊ အစားထိုးခိုင်းတာတွေလုပ်တယ်၊ အဆင်မပြေတဲ့ မိသားစုကတော့ သူတို့သားတွေကို ထွက်ပြေးခိုင်း၊ ရှောင်ခိုင်းပေါ့၊ ခေါ်သွားခံရတဲ့ လူငယ်တွေရှိပြီလို့လည်းကြားရတယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့၏ စစ်မှုထမ်းစာရင်း လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာပြီးနောက် စာရင်းပါလူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြသည်။