စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားနှင့်ရဲ ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း(ဓားမဆိုင်းတပ်မတော်)က ထုတ်ပြန်သည်။
ယမန်နေ့(မတ် ၂၃ ရက်)၊ မနက် ၆ နာရီခန့်က ဆားလင်းကြီးမြို့မရဲစခန်းမှ ဆားလင်းကြီးမြို့အထွက်ရှိ စက်မှုသစ် အထည်ချုပ် စက်ရုံဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ကင်းပတ်ထွက် လာသောစစ်ကြောင်းကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း မှ စစ်ရေးတာဝန်ခံ ဗိုလ်ထွဋ်ခေါင် ကပြောသည်။
“ကျတော်တို့ စက်မှုသစ်အထည်ချုပ်အဝင် ဘေးပတ်လည်မှာ မိုင်းတွေထောင်ထားပြီး စစ်ကြောင်းဝင်လာတယ်ဆိုမှ ဆွဲတာပါ၊ သေဆုံးသတင်းက အတိအကျပါ၊ ဒဏ်ရာရတဲ့စာရင်းသာ မသိရသေးတာ”ဟု စစ်ရေးတာဝန်ခံ ဗိုလ်ထွဋ်ခေါင် ကပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အလောင်းများနှင့်ဒဏ်ရာရများကို ဆားလင်းကြီး မြို့မရဲစခန်းအတွင်းသို့ သယ်ဆောင်သွားကြောင်းသိရသည်။
“မိုင်းဆွဲပြီးပြီးခြင်း လက်နက်ငယ်တွေနဲ့ ရမ်းပြီး ဟိုပစ် ဒီပစ်ပြီးတော့ အနီးနားရပ်ကွက်က Light Track ကား ၁ စီးကိုချောဆွဲပြီး ထိခိုက်သေဆုံးတဲ့သူတွေနဲ့ ရဲစခန်းကို မောင်းပြေးသွားတယ်ဗျ”ဟု ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ မှ ရဲဘော်တစ်ဦးကပြောသည်။
အထက်ပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၅ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ နှင့် ဆားလာင်းကြီးမြို့နယ်(ပလဖ) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။