မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့နေပြည်သူ ၃ဦးသေဆုံးကာ၊ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့( မတ် ၁၃ရက်)၊ မနက် ၅နာရီခွဲခန့်တွင် ရေစကြိုမြို့၊ အမှတ် ၈ရပ်ကွက်ရှိ ကပ်ကျော်ဘုန်ကြီးကျောင်းနှင့် ရုံးပေါင်းစုံတို့၌ တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် မြို့တွင်းရပ်ကွက်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
“ အမှတ် ၈ ရပ်ကွက်ထဲက စိတ္တသုခဘက်တို့ လေးရာပြည့်တို့ အဲဒီရပ်ကွက်တွေဘက်ကျတာဗျ၊ လက်နက်ကြီးအရေအတွက်က တော်တော်များတယ်။ အမျိုးသား၁ဦးက လက်နက်ကြီးမှန်ပြီး ပွဲချင်းပြီးသေတာ၊ နောက် ၂ဦးက ဆေးရုံမှာဆုံးတာ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ၃ဦးသေဆုံးခဲ့သည့်အပြင် ဂူကြီးကျောင်းတိုက်မှ သံဃာတစ်ပါး ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး သုခဝတီရပ်ကွက်မှ အမျိုးသားတစ်ဦး ဆီးခုံထိမှန်ကာ ဒဏ်ရာပြင်းထန်ကြောင်း Info Committee Yesagyo က သတင်းထုတ်ပြန်ထားသည်။
“ အိမ်တွေပေါ်ကျတာဆိုတော့ ထိတာများတယ်။ ဒဏ်ရာရတဲ့လူတွေကို ရေစကြိုဆေးရုံပို့ထားတယ်ကြားတယ်။ ပြီးတော့ အိမ်တွေလဲ တော်တော်ပျက်စီးတယ်” ဟု ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ယင်းကဲ့သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းသည် ယမန်နေ့ (မတ်လ ၂၃ရက် )၊ မနက် ၅နာရီခွဲခန့်က ၎င်းတို့တပ်စွဲထားသည့် အမှတ် ၈ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်း အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရေစကြိုမြို့နေ ပြည်သူတစ်ဦးက သုံးသပ်သည် ။
“ မနေ့ မနက်ပိုင်းက ကာကွယ်ရေးအဖွဲ့တွေ ဝင်တိုက်တော့ စစ်သားတွေက လက်နက်ကြီးနဲ့ပြန်ပစ်တာ၊ အဲဒီမှာ လက်နက်ကြီးကျပြီး ပြည်သူတွေထိခိုက်တာ၊ တစ်မနက်လုံး တဂျိန်းဂျိန်းနဲ့ ဆူညံနေတာပဲ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုနှင့် ပက်သက်၍ မစ်ရှင်ဖော်ဆောင်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ထံ MPA အနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။