စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်ရှိစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကျွဲမ(ခ)နတ်နွှယ်သည် သေနက်အတုကိုင်ဆောင်ကာ ပြည်သူများကို စစ်မှုထမ်းရန်ဖိအားပေး ခြိမ်းခြောက်နေခြင်းကြောင့် ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ရွှေဘိုအားမာန်မြို့ပြပျောက်ကျားအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် မတ်လ ၂၂ ရက်၊ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ၎င်းတို့ရပ်ကွက်အတွင်းရှိ ရွှေလက်ပွားလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“သူအဖော်တွေနဲ့ လက်ဖက်ရည် ထိုင်သောက်နေချိန်ပစ်တာပါ။ တစ်ချက်တည်းပါပဲ၊ ခေါင်းမှန်သွားတာ၊ အနားက လူတွေထွက်ပြေးကုန်တယ်”ဟု ၎င်းကဆိုသည်။
သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးထံက ကော်သီးသေနတ် ၁ ရက်၊ နာတိုကျည် ၉ တောင့်၊ ဖုန်း၁ လုံး၊ အုပ်ချုပ်ရေးမှူးတံဆိပ်တုံးနှင့် စစ်မှုထမ်းဝါဒဖြန့် စာရွက်၊ စာတန်းအချို့ကိုရရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“အဲဒီကောင်က(အုပ်ချုပ်ရေးမှူးနတ်နွှယ်) စစ်တပ်ထောက်ခံပွဲတွေလည်းသူရှေ့ဆုံးကပဲ၊ အခုစစ်မှုထမ်းဖို့လည်း ရပ်ကွက်ထဲလိုက်ပြီးစစည်းရုံးလိုက်၊ ခြိမ်းခြောက်လိုက်လုပ်နေတာ၊ စစ်မှုမထမ်းချင်တဲ့သူတွေရှိကလည်း ငွေတောင်းတယ်ကြားတယ်၊ အဲဒါကြောင့်ကျွန်တော်တို့ ရှင်းလင်းလိုက်တာ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း ရွှေဘိုအေနာက်ခြမ်းသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေမှုများကြောင့် မြို့ပေါ်တွင် အင်အားနည်းနေချိန် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယခုစစ်ဆင်ရေးတွင် ပါဝင်သည့် ရဲဘော်တစ်ဦးက ဆက်လက်ပြောသည်။
“နောက်လည်း ပြည်သူတွေအပေါ် အနိုင်ကျင့်စော်ကားနေတဲ့ စစ်ကောင်စီဒေါက်တိုင်မှန်သမျှကို အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။
ယခုစစ်ဆင်ရေးကို ရွှေဘိုအားမာန်မြို့ပြပျောက်ကျားအဖွဲ့၊ သိင်္ခအားမာန်အဖွဲ့တို့နှင့်အတူ မဟာမိန်တပ်ပေါင်းစုတို့မှ ရဲဘော်များပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။