ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်သားနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ၃ ရက်တာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးသွားကြောင်းသိရသည်။
“ကျနော်တို့ ၃ ရက်တိုက်ပွဲဖြစ်တာမှာ သူတို့အထိနာသွားတယ်။ရနဲရွာက ထွက်တာနဲ့ ကျနော်တို့က ကြားဖြတ်တိုက်တာ။ဒါကြောင့် ညောင်ပင်သာနဲ့ ကျောက်တော်ရွာကို ရနဲကနေ လက်နက်ကြီးနဲ့အရင်ပစ်ပြီးမှ စစ်ကြောင်းထိုးပြီး ရွာကိုဝင် တပ်စွဲတာဗျ” ဟု Danu State National Defense Army – DSNDA မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။
မတ်လ ၂၁ ရက်၊ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် ရနဲကျေးရွာမှ လက်နက်ကြီးများဖြင့်ပစ်ကာ စစ်ကြောင်းထိုးပြီး ညောင်ပင်သာရွာနှင့်ကျောက်တော်ရွာ၌ စခန်းချတပ်စွဲထားကြောင်းသိရသည်။
စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းကြောင့် ညောင်ပင်သာနှင့်ကျောက်တော်ရွာမှ ပြည်သူ ၅၂၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းသိရသည်။
“လက်နက်ကြီးနဲ့ပစ်တာက မနက်ကတည်းပစ်တာ။ ၁၂၀၊၈၀၊၆၀(လက်နက်ကြီး) တွေနဲ့ပစ်တာ။ပြည်သူတွေကတော့ ပစ်သံကြားကတည်းက ပြေးတာ။ရွာမှာမနေတော့ဘူး။နေအိမ်တွေတော့ ပျက်စီးတာပေါ့။အဲ့ဒီရွာ တွေက ဓနုလူမျိုးတွေ အများဆုံးနေထိုင်ကြတာ။ကရင်၊ဗမာ၊ရှမ်းလည်းနေကြပါတယ်။ ပြေးရတာ တော့ အကုန်ပြေးကြရတာပါပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
မတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၄၄ မိနစ်ဝန်းကျင်တွင် ရနဲရွာ အနီးဝန်းကျင်ရှိကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြန်ဆုတ်လာသည့် အင်အား ၄၀ပါ စစ်ကြောင်းနှင့် ရနဲရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“၃ ရက်တာ တိုက်ပွဲအတွင်းမှာ ရန်သူ ၆ ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်။ကျနော်တို့ ရဲဘော် ၁ ဦးကျပြီး ၁ ဦးကတော့မစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။၁၇ ရက်နေ့တိုက်ပွဲမှာက သူတို့ဘက်က ၆ ယောက်ကျတယ်။လက်နက်တော့မရလိုက်ဘူး။လက်နက်တွေကောက်ပြီး အလောင်းတွေကို ပြန်ဆွဲသွားတယ်” ဟုတိုက်ပွဲဝင် DSNDA ရဲဘော်တစ်ဦး ကပြောသည်။
မတ်လ ၁၇ ရက်နေ့တွင်လည်း ရနဲကျေးရွာမှ အနောက်ဘက်သို့ အင်အား ၈၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ရနဲကျေးရွာနှင့်ဗကကျေးရွာကြား ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံး၍ အယောက်၂၀ခန့် ဒဏ်ရာရရှိခဲ့ကာ ခဲယမ်းအချို့လည်းသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“ဒီနေ့(မတ်လ၂၂ရက်)တော့ တိုက်ပွဲမဖြစ်ပါဘူး။ရန်သူကတော့ ညောင်ပင်သာနဲ့ကျောက်တော်ကျေးရွာမှာ အထိုင်ချနေတယ်။ရနဲမှာလည်းရှိသေးတယ်။ရနဲက သူတို့ အထိုင်စခန်းလိုသဘောမျိုး ပျူရွာပေါ့ဗျာ” ဟု ၎င်းကဆက်လက်ပြောသည်။
မတ်လ ၁၅ ရက်၊ ည ၇ နာရီ ၁၈ မိနစ်ဝန်းကျင်တွင် ရနဲရွာနှင့်ညောင်ပင်သာရွာကြား၌ စစ်သားနှင့်ပျူစောထီး အင်အား ၁၃၀ ပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုများတွင် စစ်တပ်ထံမှ ၆၀ (မမ)ဗုံးသီး ၂ လုံး၊ ၅.၅၆ကျည် ၁၂၄ တောင့်နှင့် ၇.၆၂ကျည်၁၉တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။