ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်မှုထမ်းရန် ရွေးချယ်ထားသည့် စာရင်းပေါက်ကြားလာပြီးနောက် စာရင်းအတွင်းပါရှိသည့် လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံကသိရသည်။
တောင်ငူမြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ရှိ စစ်မှုထမ်းရန်ပါရှိသည့် လူဦးရေစာရင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လ ၁၉ ရက်က ပျံ့နှံ့လာခြင်းဖြစ်ကြောင်း စစ်မှုထမ်းရန်စာရင်းပါသည့် လူငယ်တစ်ဦးကပြောသည်။
“သူတို့(စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး)က စာရင်းတွေမပြောတော့ဘူးဗျ။ အစက နာမည်စာရင်းရတဲ့ အုပ်ကြီးတွေက လိုက်ပြောသေးတယ်။ အဲဒီမှာ နာမည်ပါတဲ့လူတွေကထွက်ပြေးလို့ နောက်ပိုင်းမပြောတော့တာ။ အခု စာရင်းလည်း အွန်လိုင်းပေါ်ပေါက်လာတော့ နာမည်ပါတဲ့ လူငယ်အများစု ရှောင်ကုန်ကြတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှုထမ်းရန်စာရင်းတွင်ပါဝင်သည့် လူငယ်များအနက်မှ အပါတ်စဉ် (၁)သင်တန်းတက်ရောက်ရန် နေအိမ်သို့ အချက်အလက်များတောင်းယူနေကြောင်း ၁၉ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကပြောသည်။
“မဲပေါက်လို့တဲ့၊ အရင်ဆုံးစစ်မှုထမ်းရမယ်ဆိုပြီး အန်တီတို့ရပ်ကွက်ထဲအကြောင်းမကြားဘဲရောက်လာတယ်၊ ဦးဆုံး ၄ ယောက်လို့တော့ပြောတာပဲ၊ ကလေးတွေမတွေ့လို့ မိဘတွေလက်မှတ်ထိုးခိုင်းထားတယ်တဲ့၊ ပြန်ခေါ်ပေးပေါ့၊ မခေါ်ပေးရင် အရေးယူမယ်လို့ ပြောသွားတယ်တဲ့”ဟု ၎င်းကရှင်းပြသည်။
ပြည်သူလူထုဆန္ဒမပါဘဲ စစ်ကောင်စီအတည်ပြုပြဌာန်းထားသည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းပေးနေသော အုပ်ချုပ်ရေးမှူးများကို သတိပေးစာထုတ်ပြန်ထားကြောင်း မြို့ပြ UG ရဲဘော်တစ်ဦးက ဆက်လက်ပြောသည်။
“ ကျွန်တော်တို့ သတိပေးစာထုတ်ထားပါတယ်။ ဒါမှ ရှေ့ဆက်တိုးပြီး လူငယ်တွေ ဖိအားပေးခြိမ်းခြောက်နေရင် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ၊ တချို့အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်ကခေါ်ထားတယ်ကြားတယ်၊ ကျွန်တော်တို့ကတော့ ပြည်သူတွေတိုင်ကြားလာတဲ့အပေါ် စောင့်ကြည့်ပြီးအရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်၊ ညပိုင်းက ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တောင်ငူမြို့ UG အဖွဲ့ကသတိပေး ဖောက်ခွဲမှုပြုလုပ်ခဲ့သေးကြောင်းသိရသည်။