မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ် နှစ်နေရာကို ဒရုန်းဖြင့် ဗုံးကြဲပြီး စစ်ကူကားအား မိုင်းဆွဲခဲ့ရာ စစ်သား နှစ်ဦး သေဆုံးကာ အယောက်၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
ဧပြီ ၂၅ ရက်၊ နံနက် ရှစ်နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ငဖောင်ကန်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးလေးလုံး ကြဲချခဲ့ရာ စစ်သား နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
“ ဒရုန်းနဲ့ ချတာ ဘန်ကာနား သွားကျပြီး နှစ်ယောက် သေသွားတယ်။တစ်ယောက် ထိခိုက် တယ်” ဟု Black Cobra Force (ကမ္မ တပ်ပေါင်းစု) တာ၀န်ခံ ရဲဘော်ဒေါက်တာက MPA သို့ ပြောသည်။
ထို့အပြင် ပခုက္ကူ မြို့နယ်၊ အရှေ့ဘုန်းကံပျူစောထီးရွာကို ဧပြီ ၂၆ ရက်၊ နံနက် ၁၀ နာရီခန့်၌ ဒရုန်း ဖြင့် ဗုံးအလုံး ၃၀ ကြဲချခဲ့ကြောင်း သိရသည်။
“ အရှေ့ ဘုန်းကံက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတဲ့အတွက် သွားပစ်ခတ်ရတာပါ။ အထဲမှာရှိတဲ့ စစ်သားနဲ့ ပျူစောထီး ခုနှစ်ယောက်ထက် မနည်း ထိခိုက်တယ်” ဟု မြိုင် ပကဖ တာ၀န်ခံ ဗိုလ်လကျာ်က ပြောသည်။
ယင်းသို့ ဗုံးကြဲ တိုက်ခိုက်နေစဉ် ပခုက္ကူ တပ်မ ၁၀၁ မှ စစ်ကားနှစ်စီး စစ်ကူလာရာ နေ့ခင်း ၁၂ နာရီကျော်၌ မိုင်းပွိုင့် ၂၀ကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ ၁၁ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ စစ်ကူကားက ပျူကားတစ်စီးနဲ့ စစ်ကား တစ်စီး နှစ်စီးလာတယ်။ မိုင်းဆွဲတော့ နှစ်စီးလုံးပျက်စီးသွားပြီး နောက်ထပ် ကားလေးစီးနဲ့ လာဆွဲသွားရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အရှေ့ဘုန်းကံပျူစောထီးရွာတွင် စစ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း အင်အား ၃၀ ကျော်ရှိပြီး ငဖောင်ကန်၌ စစ်သား ၃၀ကျော် တပ်စွဲထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဧပြီပထမပတ်အတွင်း ငဖောင်ကန်ကျေးရွာ၌ စစ်သားအင်အား ၁၅၀ ၀န်းကျင်ဖြင့် တပ်စွဲထားပြီးနောက် ဖြည်းဖြည်းချင်း လူလျှော့ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်
“ ငဖောင်ကန်က ပခုက္ကူ-ပေါက် လမ်းမဘေး မှာ ရှိတာ။ ရွာက အိမ်ခြေတင် ၄၀၀ ကျော်လောက် ရှိတယ်။ သူတို့က လမ်းပေါ်မှာ ဂိတ်ချပြီး ကားတွေကို ငွေကောက်တယ်။ သူတို့ လိုချင်တဲ့ ပစ္စည်းရှိရင် အကုန်ယူတယ်။ အဓိကက ဒီနေရာမှာ တပ်စွဲတာလည်း အဲလို ပြည်သူဆီက ဆက်ကြေး ကောက်ချင်လို့ရယ်” ဟု ရဲဘော် ဒေါက်တာက ဆက်လက်ပြောသည်။
ငဖောင်ကန်ရွာသို့ စစ်ကောင်စီတပ် ရောက်ရှိလာပြီးနောက် ရွာသားများအား သုံးရက်အတွင်း ရွာမှ ထွက်ခွာသွားရန် အမိန့်ထုတ်သဖြင့် နေရပ်စွန့်ခွာခဲ့ကြရကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။