မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်အများစုသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ တာခ့်ခရိုင်(မဲဆောက်နှင့်မြို့နယ်အချို့)သို့ ထွက်ပြေးတိမ်းရှောင်သူများလာသည့်အတွက် ထိုင်းအာဏာပိုင်များက လုံခြုံရေးတိုးမြှင့်မည့်စာအား မတ် ၂၁ရက်တွင် ထုတ်ပြန်ထားသည်။
“ အခုတလော မြန်မာဘက်ကနေ တာ့ခ်ခရိုင်ဘက်ကို တံတားပေါ်ကနေအဝင်များလာတယ်။ အထွက်ကမရှိသလောက်ဘဲ၊ တံတားပေါ်ကနေကူးလာတဲ့သူတွေဆို အဝင်အထွက်ပြသက်တမ်းတိုးပြီး မဲဆောက်ဘက်ပြန်ဝင်တာ၊ မြန်မာဘက်ကို လုံးလုံးပြန်ထွက်တဲ့သူကိုမရှိဘူး။ ပြီးတော့ အောက်လမ်းကနေဝင်လာတဲ့သူတွေလည်း အများကြီးရှိတယ်” ဟု မြဝတီ-မဲဆောက် တံတားကူးရာတွင် အမာခံပေးသည့် ကားသမားတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ မြ၀တီ-မဲဆောက်တံတားမှ ကူးလာသူအများစုသည် အသက် ၂၀ဝန်းကျင် လူငယ်များဖြစ်ပြီး စစ်မှုထမ်းဥပဒေ ကို တိမ်းရှောင်နိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ချင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ အခုမြန်မာနိုင်ငံဘက်က စစ်မှုထမ်းဥပဒေကြောင့် ဝင်ရောက်လာတဲ့သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆင်ရေးကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်တယ်” ဟု မဲဆောက်ရဲစခန်းရှိ ရဲအရာရှိတစ်ဦးက ဆိုသည်။
လက်ရှိကာလအတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း ဝင်ရောက်လာသူများသည် အထောက်အထားရှိပါက စိုးရိမ်စရာမလိုသော်လည်း အထောက်အထားမဲ့ဝင်ရောက်သူများအနေဖြင့် ဥပဒေအရအရေးယူခံရမည်ဟု အထက်ပါရဲအရာရှိက ရှင်းပြသည်။
ယနေ့ မတ် ၂၂ရက်မှစတင်ကာ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် လုံခြု့ရေးကင်းလှည့်မှုများ ယခင်ထက်ပိုမိုပြုလုပ်ရန် အာဏာပိုင်များကညွှန်ကြားထားကာ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ရမည်ဖြစ်သည်ဟု မဲဆောက်ရဲစခန်းရှိ မြန်မာဘာသာပြန် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် တာ့ခ်ခရိုင်အတွင်းရှိ ထိုင်းစစ်တပ်သည်လည်း ထိုင်းမြန်မာနယ်စပ်တွင် မြေပြင်ကင်းလှည့်ခြင်း၊ လေကြောင်း ကင်းလှည့်ခြင်းများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်မှ မတ် ၂၁ရက်အထိ တာ့ခ်ခရိုင်အတွင်း ဖမ်းဆီးခံရသူများသည် ရာဂဏန်းကျော်ရှိပြီး အများစုသည် စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြောင်းလည်း မဲဆောက်ရဲစခန်းမှ စုံစမ်းသိရှိရသည်။