ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စုတွင် စစ်မှုထမ်းစာရင်းအတင်းအဓမ္မကောက်ခံပြီး ပြန်လာသည့် ဇီးကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေးတို့ မတ်လ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ပစ်ခတ်ခံရကြောင်း ပြည်ခရိုင် တပ်ရင်း – ၃၆၀၂ ၏ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေးတို့ကို ဇီးကုန်းအုပ်စု၊ သာပေါင်းရွာအနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေမှာ နေရာမှာတွင်သေဆုံးခဲ့ပြီး ထွေအုပ်စာရေးကိုဖြိုးမှာဝမ်းဗိုက်ကျည်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ သူတို့က လက်ရှိဇီးကုန်းအုပ်စုတစ်ခုလုံးရဲ့စာရင်းတွေ ကောက်နေတဲ့သူတွေပါ။ နယ်ခံတွေက သူတို့အကြောင်းနဲ့ အသွားအလာကိုစောင့်ကြည့် သတင်းပို့ထားတာကြာပါပီ။ နယ်ခံပြည်သူများရဲ့ ပူးပေါင်းသတင်းပေးမှုကြောင့်ပါ” ဟု ပြည်ခရိုင်တပ်ရင်း -၃၆၀၂ ၏ သတင်းပြန်ကြားတာဝန်ခံက ဆိုသည်။
လက်ရှိ ဇီးကုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ နယ်မြေခံရဲနှင့် စစ်သားများ ခြေရှုပ်နေပြီး ပြည်သူများအား စစ်မှုထမ်းရန် ပိုမိုဖိအားပေးလုပ်ဆောင်နေကြောင်း သိရှိရသည်။
“ ဇီးကုန်းအုပ်စုအုပ်ကြီးနဲ့ စာရေးပစ်ခံရတာပါ။ သေတဲ့အုပ်ကြီး ဇာတိကသာပေါင်းရွာ၊ ပစ်ခံရတာက သာပေါင်းရွာထိပ်ရောက်ခါနီးမှာပဲ ပစ်ခတ်ခံရတာ။ စာရေး နာမည်က ကိုဖြိုး၊ ပေါင်းတည် ၃၈ လမ်းမှာနေတယ်။ စာရေးက မသေဘူး။ သူကအပစ်တော့ခံရတယ်။ ရဲကို ဖုန်းဆက်ခေါ်လာတော့မှ ကားနဲ့လာသယ်သွားတာ သဲကုန်းဆေးရုံကို ” ဟု သဲကုန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ – PPDF တပ်ရင်းတပ်ခွဲ ၅ နှင့် ၃၆၀၂ PDF တပ်ရင်း၊ တပ်ခွဲ ၄ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်သည့် ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ သတင်းပေးများ၊ စစ်မှုထမ်းရန် အတင်းအဓမ္မဖိအားပေးနေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူလူထုနှင့်အမြန်ဆုံးပူးပေါင်းကြရန်လည်း ပြည်ခရိုင် တပ်ရင်း-၃၆၀၂ က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမျိုးမြင့်သိန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။