ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIO ဌာနချုပ်အနီးရှိ စစ်ရေးအရ အရေးပါသည့် နာဖော့စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ယနေ့(မတ် ၂၁ရက်)၊ မနက် ၁၀နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ ဒီမနက်ဘဲ သိမ်းလိုက်နိုင်ပြီ၊ လေကြောင်းနဲ့ကတော့ ဗုံးကြဲတာတွေ လုပ်တယ်။ အခု ရှင်းလင်းရေး ဝင်နေပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
နာဖော့စစ်ကောင်စီတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်များက မတ် ၁၇ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ် ၁၈ရက်တွင် လီဆူပါဂျောင်တပ်စခန်းကိုရရှိခဲ့ကာ၊ ယနေ့တွင် နာဖော့တပ်စခန်းအပါအဝင် အနီးအနားရှိ တပ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နာဖော့စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် နှစ်ဘက်ထိခိုက်မှုများကို MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
“ နာဖော့၊ ခါရာဘွမ်၊ ဘွမ်ရေဘွမ် အဲ့ဒီ စစ်ကောင်စီတပ်စခန်းကြီးတွေကနေ လိုင်ဇာက လူနေရပ်ကွက်တွေထဲကို လှမ်းပစ်နေတာ၊ အခုတော့ အကုန်သိမ်းနိုင်သွားပြီ” ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ဒေါ့ဖုန်းယန်မြို့အနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ၏ နွမ့်လန်အခြေစိုက် ခမရ ၄၃၈ တပ်ရင်း၊ ခလရ ၁၆၁ ဒုံးတပ်နှင့် နောင်ကွန်အမြှောက်တပ်စခန်းကြီးတို့ကိုလည်း KIA နှင့် KPDF တပ်ဖွဲ့ဝင်များက ယနေ့ (မတ် ၂၁ ရက်)၊ မနက် ၇ နာရီမှစ၍ တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
“ ဒေါ့ဖုန်းယန်၊ မြို့သစ်နဲ့ ကုန်းလောရွာတွေမှာရှိတဲ့ စစ်တပ်ကို ဒီနေ့ မနက်ပိုင်းကနေ ဝင်တိုက်နေတာ” ဟု ဒေါ့ဖုန်းယန်ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော် – လိုင်ဇာလမ်းပိုင်း၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။