စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာနေ ပြည်သူတစ်ဦးကို စစ်အုပ်စုဝင်တို့က အကြောင်းမဲ့ ရက်ရက်စက်စက် သတ်သွားကြောင်း သိရသည်။
မတ်လ ၂၀ရက်က စစ်သားနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် အသက်၄၀ခန့်အရွယ်ရှိ သာကေတရွာသား ဦးဇော်ဦး(ဦးပေါ)ကို ဗိုက်ဖောက်၍ ခေါင်းဖြတ်သတ်သွားကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ပျူစစ်ကြောင်းနဲ့ စစ်တပ်က ညံသာရွာကို မီးရှို့ပြီး အပြန် သာကေတရွာဘက်ကို ကူးလာချိန်မှာပဲ တွေ့တာပဲ။တွေ့တွေ့ချင်း အခုလို သတ်ဖြတ်သွားကြတာပဲ” ဟု သာကေတရွာသားတစ်ဦးက MPA သို့ပြောသည်။
သေဆုံးနေသူ၏ အလောင်းကို နွားစာတိုက်ဘေးတွင် တွေ့ရပြီး စစ်အုပ်စုဝင်တို့က နွားစာများဖြင့် ဖုံးအုပ်သွားခဲ့ကြောင်း သိရသည်။
“ တန့်ဆည် မြောက်ပိုင်းမှာက စစ်တပ်နှင့် ပျူတွေက စိတ်ကြိုက်ယုတ်မာနေကြတာ။ နေ့စဉ် လူသတ်၊ရွာ မီးရှို့၊ပစ္စည်းတွေ ဝင်ခိုးနေကြတာပါပဲ။ဝါသဝ(ပျူစောထီးခေါင်းဆောင်)ရဲ့ ပျူတွေက ရိက္ခာပြတ်တော့ ပိုပြီး ယုတ်မာနေကြတယ်” ဟု တန့်ဆည်အခြေစိုက် Local PDF ရဲဘော်တစ်ဦးက ဆိုသည်။
စစ်သားနှင့်ပျူစောထီးတို့သည် တန့်ဆည်မြို့နယ် အနောက်မြောက်ပိုင်းရှိ ကသဲ၊ကျွန်းလည်၊ဘေရင်းနှင့်နားဋောင်းကျ ကျေးရွာတို့ရှိ ပြည်သူ့ နေအိမ်များအတွင်းမှ ပစ္စည်းများကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ နေ့စဉ် ပြုလုပ်လျက်ရှိသည်။
မတ်လ ၁၈ရက်တွင် အင်အား ၂၅၀ခန့်ရှိ စစ်သားနှင့် ပျူစောထီးတို့သည် တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာက နေအိမ် ၃၃ လုံး ၊ မတ်လ ၁၉ရက်တွင် အိုးသည်ကုန်းရွာက နေအိမ် ၁၅ လုံးနှင့် ညောင်လေးပင်ရွာက နေအိမ် ၁၅ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။