မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းတွင် အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ကျော်ကို အကျဉ်းထောင်သို့ မပို့ဘဲ အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (မတ် ၂၀ရက်)တွင် ထုတ်ပြန်ထားသည်။
အမိန့်ချခံထားရထားသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကြမ်းဖက်ပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများသည် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ ယခုကဲ့သို့ အချုပ်ကျခံနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အခုလိုဖြစ်နေတာလို့ သိရတယ်။ နိုင်ငံရေး အကျဉ်းသား ၄၀ကျော်ရယ်၊ ပြီးတော့ တရားရင်ဆိုင်နေရတဲ့ သူတွေကတော့ အများစုရယ်ပါ “ ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို အချုပ်ခန်းများ၌ ချုပ်နှောင်ထားခြင်းသည် အကျဉ်းထောင်သို့ ပြောင်းရွှေ့ရန်အတွက် လုံခြုံရေးအင်အား မလုံလောက်၍ဟူသော အကြောင်းပြချက်ဖြင် ၅လကျော် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက် ရှင်းပြသည်။
ထို့ပြင် ဂန့်ဂေါမြို့မရဲစခန်းရှိ အချုပ်ခန်းများအနက် အမျိုးသမီးအချုပ်ခန်းများသည် ၁၀ပေ×၁၂ပေ အကျယ်သာရှိသောကြောင့် နေထိုင်ရသည့် အမျိုးသမီးအကျဉ်းသူများသည် ကျပ်ညှပ်နေသဖြင့် အချုပ်ခန်းထပ်ခိုးများ၌ တက်အိပ်နေရပြီး အမျိုးသားအချုပ်ခန်းသည် အကျယ်ပေ ၃၀ဝန်းကျင်သာရှိကာ တစ်ဦးပေါ်တစ်ဦးထပ်ကာ အိပ်ကြရသည့်အဖြစ်သို့ ရောက်ရှိနေကြောင်း သိရသည်။
“ အကျဉ်းထောင်တွေထဲမှာဆိုရင်တော့ တစ်လတစ်ကြိမ် မိသားစုနဲ့ တွေ့ခွင့်ရတဲ့ အကျဉ်းသား အခွင့်အရေးရှိတာပေါ့၊ အခုတော့ မိသားစုနဲ့လည်းတွေ့ခွင့်မရတဲ့ အခြေနေဖြစ်နေတယ်။ ပြီးတော့ အခန်းကျဉ်းထဲမှာဘဲ စုပြုံပြီးနေနေရတော့ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ကိုယ်ခံအားနည်းတာတွေလည်း ကြုံနေရတယ် ” ဟု ဂန့်ဂေါရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့မရဲစခန်းသည် ပျူစောထီးများ ရှေ့တန်းသို့ထွက်ရသူများ အဝင်အထွက်ပြုလုပ်သည့် စခန်းဖြစ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကိုလည်း မကြာခဏခေါ်ယူကာ ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိနေသဖြင့် အကျဉ်းသားများ၏ အသက်အန္တရာယ်အတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိနေသည်။