ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများကြောင့် ၅လကြာပိတ်ထားသည့် လားရှိုးလေဆိပ်ကို ယမန်နေ့(မတ် ၁၉ရက်)တွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ၁၆ရက်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လားရှိုးလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် ခွင့်ပြုလိုက်ပြီးနောက် ယမန်နေ့တွင် လားရှိုး လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။
“ တိုက်ပွဲကာလအတွင်းမှာ လေဆိပ်ကို ၃ဆလောက်ချဲ့တယ်။ တစ်ခုခုပဲ၊ ဘာလို့ချဲ့တာလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
လားရှိုး လေဆိပ်ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း လေယာဉ်ဖြင့် ခရီးသွားလာမည့် ပြည်သူများအနေဖြင့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် ထောက်ခံစာများကို လေဆိပ်တာဝန်ရှိသူများနှင့် စစ်တပ်ကတောင်းခံကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အဆိုပါ လားရှိုးလေဆိပ်သည် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုးနှင့် တာချီလိတ်စသည့် မြို့များကို ပြေးဆွဲနေသည့် လေဆိပ်တစ်ခုလည်းဖြစ်သည်။
“ ခုဏကပဲ ဘူတာလမ်းကနေပြန်လာတာ၊ လမ်းမှာတော့ ပိတ်ထားတယ်။ လေဆိပ်လမ်းချဲ့တာတော့ မပြီးသေးဘူး။ စစ်ဆေးမှုလည်းရှိတယ်။ ခရီးသည်ကတော့ နည်းနေသေးတယ်။ သိပ်မတွေ့ရဘူး” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများသည် ကွင်းလမ်းများမှ သွားလာနေရသဖြင့် အချိန်ကုန်၊ ငွေကုန်စေသဖြင့် လေဆိပ်ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် အချိန်ကုန်ငွေကုန်သက်သာစေကြောင်း လည်း ဒေသခံများက ဆိုသည်။
လက်ရှိ လေယာဉ်လက်မှတ်စျေးနှုန်းများသည် လားရှိုး-ရန်ကုန် ၃၃၆၀၀၀ ကျပ်၊ လားရှိုး-မန္တလေး ၂၃၃၀၀၀ ကျပ်နှင့် မန္တလေး-လားရှိုး ၂၄၀၀၀၀ ကျပ် ရှိကြောင်းလည်း သိရသည်။