တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ် ရေး-ထားဝယ်၊ အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန်ရေးပူးပေါင်းတပ်များက နယ်မြေစိုးမိုးရေးနှင့် လမ်းပိုင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် စစ်ကောင်စီတပ်များ၏ ဆက်သွယ်ရေးနှင့် ထောက်ပို့ပိုင်းဆိုင်ရာလမ်းကြောင်းများကို ဖြတ်တောက်သည့်စစ်ဆင်ရေးတစ်ခုလည်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ရေး – ထားဝယ်လမ်းပိုင်းရှိ မလွဲတောင်နှင့် ကလိန်အောင်အကြားကို မတ်လ ၁၉ ရက်၊ နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအထိ တစ်နေကုန်နီးပါး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်တပ်ဘက်က တုံ့ပြန်မှုများပြုလုပ်နိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“ ကျွန်တော်တို့ အနေနဲ့က နယ်မြေစိုးမိုးရေးနဲ့ လမ်းကြောင်းထိန်းချုပ်ရေးကို အခုလုပ်ဆောင်တာက ဒါပထမဆုံးအကြိမ်ဖြစ်တယ်။ အရင်ကတော့ ကျွန်တော်တို့ စစ်ဆင်ရေးနဲ့ စခန်းသိမ်းတာတွေပဲ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ရှေ့ဆက်ပြီးတော့လဲ နယ်မြေစိုးမိုးရေးနဲ့ လမ်းကြောင်းထိန်းချုပ်ရေးတွေကိုလည်း အခါအားလျော်စွာ လုပ်ဆောင်သွားမှာဖြစ်သလို စခန်းသိမ်းပွဲ၊ စစ်ဆင်ရေးအကြီး၊ အငယ်တွေကိုလဲ မဟာမိတ်များနဲ့ ပူးပေါင်းပြီးတော့ ဆက်လက်တိုက်ပွဲဝင်ဖော်ဆောင်သွားဖို့ရှိပါတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ တာဝန်ရှိသူက ရှင်းပြသည်။
ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်များက စစ်ဆေးမှုများပြုလုပ်နေချိန်အတွင်း စစ်ကောင်စီ၏ မလွဲတောင်ဂိတ်ရှိစစ်သားများသည် ဂိတ်တံတားအားသော့ဖြင့်ပိတ်ကာ စခန်းအတွင်းပုန်းအောင်းနေခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ စစ်ဆေးမှုပြုလုပ်တဲ့နေရာနဲ့ စကစရဲ့ မလွဲတောင်ဂိတ်နဲ့က အရမ်းကြီးတော့မဝေးဘူး။ မီတာ ၅ ထောင်၊ ၆ ထောင် ဒီဝန်းကျင်ပဲရှိမယ်။ ကျွန်တော်တို့ လမ်းပေါ်စတက်ပြီးဆိုတာနဲ့ သူတို့အမှတ် ၈ လမ်းမကြီးကို ပိတ်ချလိုက်တယ်။ ကားတွေ အတက်ရော၊ အဆင်းရော ပေးမသွားတော့ဘူး။ သူတို့ဂိတ်ကို သော့ခတ်ပြီး လမ်းပေါ်မှာလဲ မနေရဲတော့ဘူးလို့ သိရတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ကိုရန်နိုင်က ဆက်လက်ပြောသည်။
ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်များသည် မလွဲတောင်တောင်ခြေ အလယ်စခန်းရွာရှိ စစ်ကောင်စီ၏ သစ်တောရုံးကိုလည်း ရှင်းလင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့အတွေ့အကြုံအရဆိုရင် လွန်ခဲ့တဲ့လက ရေးကြိုးတံတားစခန်းသိမ်းပွဲလုပ်ခဲ့တည်းကဆိုရင် အနီးနားမှာရှိတဲ့ တပ်ရင်းတွေက စစ်ကူလွှတ်ဖို့မပြောနဲ့ လာတိုက်မှာကို ကြောက်နေရတဲ့အခြေအနေရှိတယ်။ စစ်ကူကလဲ သူတို့ရဲ့နေရာကို ဘယ်တော့မှရောက်အောင်မလာနိုင်ဘူး။ ပြောရရင် မွန်၊ ရေး၊ ထားဝယ်ဒေသမှာတင်မဟုတ်ဘူး စကစ အင်အားက တစ်နိုင်ငံလုံးမှာ ချိနဲ့နေပါပြီ” ဟု မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိအခြေအနေတွင် ကလိန်အောင်နှင့် မလွဲတောင်ကြား၌ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများသည် အချိန်အတော်အတန်ကြာသည်အထိ ငြိမ်သက်နေပြီး စစ်ကောင်စီအနေဖြင့် စစ်ရေးလှုပ်ရှားနိုင်သည့် အခြေအနေနှင့် အင်အားရှိမနေခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။
အဆိုပါ နယ်မြေစိုးမိုးရေးနှင့် လမ်းပိုင်းစစ်ဆေးမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့- KBDF ဒေါတပ်ခွဲ ၄ ၊ ထားဝယ်ကာကွယ်ရေးအဖွဲ့- DDT ဒေါနတပ်ခွဲ ၇ ၊ ဝေဟင်ဒေါနတပ်ခွဲ ၆ ၊ တနင်္သာရီတပ်ရင်း ၁ ၊ ရေးသိမ်းငှက် ၊ Ye Defense Force-YDF ၊ ရေးပြောက်ကျား တပ်-YGF ဒေါနတပ်ခွဲ ၃ ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ကျောင်းသားတပ်မတော်တပ်ရင်း ၁ ၊ Ye Air Force- YAF ၊ KNLA တပ်ရင်း ၂၇ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။