စစ်မှုထမ်းရန်အတွက် မဲလာမနှိုက်သူများကို ပေါက်မဲစာရင်းထဲ ထည့်မည်ဟု ဇီးကုန်းမြို့ပေါ် အုပ်ချုပ်ရေးမှူးတစ်ဦးက ခြိမ်းခြောက်နေကြောင်း သိရသည်။
ယနေ့(မတ်လ၂၀ ရက်)မှစတင်၍ပဲခူးတိုင်း၊ ဇီးကုန်းမြို့ပေါ်ရှိရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် မဲနှိုက်ခြင်းနှင့်ဖောင်ဖြည့်ခြင်းတို့ ပြုလုပ်ခိုင်းနေပြီး အမှတ်-၄ရပ်ကွက်အုပ်ချုပ်ရေးမှူး က အထက်ပါအတိုင်းခြိမ်းခြောက်ကြောင်း မြို့ခံတစ်ဦးကပြောသည်။
“ကိုယ့်အသိနဲ့ကိုယ်ဝင်မယ်ဆိုရင်ကျန်တဲ့သူတွေသက်သာမယ်လို့ အုပ်ကြီး ကပြောတယ်။ကျနော်တို့ ရပ်ကွက်က ကြံ့ခိုင်ရေးရပ်ကွက် ဆိုတော့ အများစုက စစ်မှုထမ်းပါမယ်ဆိုပြီး ဖောင်မှာဖြည့်ကြတယ်။၂ ယောက်က သူ့စိတ်နဲ့သူဝင်တော့ ကျနော်တို့ရပ်ကွက်က ပေါက်မဲ ၁ မဲပဲနှိုက်ရတယ်။မဲလာမနှိုက်ရင် ပေါက်မဲထဲထည့်မယ်။မဲနှိုက်တဲ့နေရာမှာ ဖုန်းအကိုင်မခံဘူး။တွေ့ရင် တခါတည်း တန်းဖမ်းမယ်လို့ အစည်းအဝေးမှာ တစ်ခါတည်းပြောထားတာ” ဟု အမှတ် -၄ ရပ်ကွက်သား တစ်ဦး ကပြောသည်။
ဇီးကုန်းမြို့၊အမှတ်-၃ရပ်ကွက်အတွင်းရှိ စစ်မှုထမ်းရန် အကျုံးဝင်လူငယ်များဆီသို့ မတ်လ၁၉ရက် က ဆင့်ခေါ်စာ ရောက်ရှိပြီး ယနေ့တွင် စစ်မှုထမ်းဖောင် ဖြည့်ကြရကြောင်း အမှတ် – ၃ ရပ်ကွက်သားတစ်ဦး ထံက သိရသည်။
“ကျနော်မရှိတော့ အိမ်က ရှိတဲ့လူက ဖြည့်ပေးရတာ။ရပ်ကွက်တစ်ခုနဲ့ တစ်ခုမတူဘူး။အဓိက အုပ်ကြီးတွေအပေါ်မူတည်တယ်။ကျနော်တို့ ၃ ရပ်ကွက်ကတော့စာရင်းသွင်းကြတဲ့သူတွေရှိတယ်။ ပြေးမဲ့သူတွေလည်းရှိတယ်” ဟု ၎င်းကပြောသည်။
ဇီးကုန်းမြို့နယ်အတွင်းရှိ လူငယ်အချို့မှာ နီးစပ်ရာ PDF တပ်ရင်း၊တပ်ဖွဲ့များသို့ ဝင်ရန် ချိတ်ဆက်ထားကြောင်းလည်းမြို့ခံလူငယ်တစ်ဦးကဆိုသည်။
“ကျနော်ကတော့ လစ်မှာ။ချိတ်ထားပြီ။နေလို့ရသလောက်တော့ ရှောင်တိမ်းနေမယ်။ဒီတော်လှန်ရေးမှာ အရင်ကလည်းပါတယ်။အခု ကိုယ့်ဆီတည့်တည့်တိုးလာပြီဆိုတော့လည်း တစ်ထောင့်တစ်နေရာက ပါဝင်သွားမှာပါ” ဟု ၎င်းကပြောသည်။
ဇီးကုန်းမြို့သည် ဦးသိန်းစိန်အစိုးရလက်ထက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၏ ဇာတိမြို့ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်များ အားကောင်းသည့် မြို့လည်းဖြစ်သည်။