မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈မှ အင်အား ၅၀ခန့်ဖြင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးရဲဘော် ၂ဦးကျဆုံးခဲ့ကြောင်း Myingyan District Drone Strike အမှတ် ၁၈၄၈ မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ပြီးခဲ့သည့် မတ် ၁၈ရက်၊ မနက် ၈နာရီခန့်တွင် ယင်းစစ်ကြောင်းသည် မြောင်မြို့နယ်၊ ရွှေတချောင်းကျေးရွာ အရောက်၌ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁နာရီခန့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ သူတို့(စစ်ကောင်စီတပ်)က ရေစကြိုကနေ စက်လှေနဲ့ရိက္ခာလာပို့တာ ကျောက်ရစ်ရဲစခန်းအတွက်၊ ရွှေတချောင်းမှာ ဆုံပြီး ပေးတာ။ ကျောက်ရစ်ကသူတွေက အဲ့ဒီအထိလာယူပေါ့၊ ကိုယ့်ဘက်က ၂ယောက်ကျတာ အငိုက်မိသွားတာ၊ တိုက်ခိုက်တာက မြေပြင်၊ ဝေဟင် ၂ခုလုံးတိုက်ခိုက်ခဲ့တာဗျ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲတွင် မြင်းခြံခရိုင်တပ်ရင်း အမှတ် ၂ နှင့် အမှတ် ၃ မှ ရဲဘော်တစ်ဦးစီ ကျဆုံးပြီး စစ်ကောင်စီတပ်သားများလည်း အကျအဆုံးနှင့် ထိခိုက်မှုရှိကြောင်း ၎င်းကရှင်းပြသည်။
“ ဘယ်လောက်သေတယ်ဆိုတာကို အတိအကျ အတည်မပြုနိုင်သေးတာပေါ့နော်။ သူတို့တွေ ထမ်းစင်နဲ့ လူနာတွေသယ်သွားပြီး ရေစကြိုပြန်အထွက်မှာ စက်လှေနဲ့ပြန်ခေါ်သွားတယ်။ နောက်ပြီး ရွှေတချောင်းရွာထဲမှာ စစ်သားအလောင်း ၂လောင်းကျန်ခဲ့တာကို မီးရှို့ထားတာမျိုး တွေ့ရတယ်” ဟု ၎င်းကပြောသည်။
ထို့နောက် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ အင်အား ၇၀ ခန့်ဖြင့် ရိက္ခာထွက်ယူပြီး ပြန်လာသော စစ်ကောင်စီစစ်ကြောင်းကို ကျောက်တန်းအရှေ့ရွာ အရှေ့မြောက်ဘက်အရောက်တွင် မတ်လ ၁၈ရက်၊ မနက် ၁၁နာရီ၄၀မိနစ်မှ ညနေ ၄နာရီထိ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDF က သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ငမြတ်က ပြောသည်။
“ သူတို့ ( စစ်ကောင်စီတပ်) ပြန်လာတဲ့အချိန်မှာ ကျတော်တို့က ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာဗျ၊ အဲဒီမှာ နာရီဝက်လောက် battle ဖြစ်ပြီးတော့ ကျောက်တန်းအရှေ့ရွာထဲကို ဝင်သွားတယ်။ အဲဒီမှာ လက်လုပ်ရော့ကတ်တွေရယ် ၊ ဒရုန်းနဲ့ ဗုံးသီးချပြီး တိုက်ခိုက်ခဲ့တယ်” ဟု ရဲဘော်ငမြတ်က ပြောသည်။
ယင်းတိုက်ပွဲတွင် စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး စစ်ကြောင်းက ပြည်သူ ၃၀ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ရဲဘော်ငမြတ်က ဆက်ပြောသည်။
“ သူတို့က မနေ့ (၁၉ရက်နေ့ ) မနက်မှာ ကျောက်ရစ်ရဲစခန်းထဲကို ပြန်ဝင်သွားပြီး ကျောက်တန်းအရှေ့ရွာ ၊ အလယ်ရွာ ၊ အနောက်ရွာက ပြည်သူ ၃၀ဦးကို ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားတာ၊ မနေ့ညကအထိတော့ ပြန်လွှတ်မပေးသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၀ရက် ၊ ၁၃ရက် ၊ ၁၄ရက်နေ့ကလည်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို “ Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။