နမ္မတူမြို့၊ တအာင်းဥပဒေအထောက်အကူပြုဖောင်ဒေးရှင်း(TLAF)က ဦးဆောင်ဖွင့်လှစ်ထားသည့် တအာင်းဥပဒေ အကယ်ဒမီကျောင်း အပတ်စဉ် (၂)ကို မတ်လ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ပြီး ကရင်နီပြည်နယ်က ကျောင်းသား၊ ကျောင်းသူ ၄ ဦး ပါဝင်တက်ရောက်ခွင့်ရခဲ့ကြောင်း သိရပါသည်။
ကရင်နီပြည်နယ်က ကျောင်းသား ၄ ဦးအပါအဝင် တအာင်းဒေသအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျောင်းဖွင့်ပွဲအခမ်းအနားကို တအာင်းအမျိူသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့သည်။
သင်တန်းကာလ(၂)နှစ်အတွင်း ဥပဒေပညာရပ်များကို အခြေခံကျကျလေ့လာသင်ယူရန်လိုအပ်ကြောင်း၊ နောင်လာမည့်ကာလများတွင် ဒီပလိုမာဘွဲ့ထက်အဆင့် မြင့်မားသည့် တက္ကသိုလ်ဘွဲ့များပေးအပ်နိုင်ရန် စီစဥ်ထားကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က အမှာစကားမှာထည့်သွင်းပြောကြားခဲ့သည်။
တအာင်းဥပဒေ အကယ်ဒမီကျောင်း TLA သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တအာင်းအကယ်ဒမီကျောင်း အမှတ်စဉ် ၁ ကိုပြီးမြောက်ခဲ့သည်။
“ဒီနှစ်က တခြားတိုင်းရင်းသားနည်းနည်းပါဝင်တယ်။ နောင်လာမယ့် အပတ်စဥ် ၃ တွေမှာလည်း တိုင်းရင်းသားပေါင်းစုံပါဝင်စေချင်တယ်။ ဒါမှဒေသမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့အတွက် အထောက်အကူပြုမယ်။ အနယ်နယ်အရပ်ရပ်မှာ ဥပဒေအပိုင်းက အများကြီးနေသေးတယ်။ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေမှာလည်း ဥပဒေအပိုင်းမှာ အများကြီးလိုအပ်နေသေးတယ်”ဟု တအာင်းဥပဒေအကယ်ဒမီကျောင်း၏ ကျောင်းဒရိုက်တာ မိုင်းမျိုးအောင်က ဆိုသည်။
ဥပဒေကျောင်းကို ၂ နှစ်ကြာတက်ရောက်ရမည်ဖြစ်ပြီး ဥပေဒေပညာရပ်အပြင် အခြားနိုင်ငံရေးဆိုင်ရာနှင့် လူအခွင့်ရေးဆိုင်ရာ ဘာသာရပ်များကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တအာင်းအကယ်ဒမီကျောင်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ မည်သူမဆိုတက်ရောက်သင်ကြားခွင့်ရှိကြောင်း တာဝန်ရှိသူများကဆိုသည်။
တအာင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် တအာင်းပြည်နယ်အတွင်း လိုအပ်နေသည့် ရှေ့နေနှင့် တရားသူကြီးများ ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားကြောင်း ကျောင်းဖွင့်ပွဲအခမ်းအနားတွင် မိုင်းမျိုးအောင်က ပြောကြားခဲ့သည်။
အပတ်စဉ် ၁ ပြီးမြောက်ခဲ့သည့် သင်တန်းသားများအနေဖြင့် စစ်ဖက်နှင့် အရပ်ဖက်ဆိုင်ရာတရားရုံး၊ ရှေ့နေများ၊ ဥပဒေရပ်ဆိုင်ရာနှင့် ပတ်သက်သည့်လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။