တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဆောင်ရွက်နေသူများအား ပြင်းပြင်းထန်ထန်အရေးယူ သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၁၈ တွင် သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ပြည်သူများအား စစ်မှုထမ်းရန်အတွက် ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် နိုင်ငံတော်မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအပေါ် မတရားပြုမူဆောင်ရွက်၍ ကိုယ်ကျိုးစီးပွားရှာနေသော ထွေအုပ်၊ လဝက၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် အပေါင်းပါများကို အမြဲမပြတ်စောင့်ကြည့်နေပြီး အဆိုပါလုပ်ရပ်များအား ရပ်တန်းကမရပ်ပါကပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“အခုရက် မဲတွေနှိုက်ခိုင်းတာတွေ၊ နာမည်စာရင်းကောက်နေတာတွေကို ရပ်ကွက်၊ အုပ်စုတော်တော်များများမှာ လုပ်နေတာ။ ကျွန်တော်တို့ကိုလည်း ပြည်သူတွေသတင်းပို့နေတာတွေရှိပါတယ်။ ကျွန်တော်တို့အမြန်ဆုံး အရေးယူ ပြစ်ဒဏ်ပေးသွားမှာပါ။ အခုကျွန်တော်တို့ဆီကို လူငယ်တွေထွက်ပြေးလာတာ ၆၀ လောက်ရှိပြီ။ တချို့ကလည်း ပြည်ပကိုထွက်ပြေးနေရကြတယ်”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုကျော်စွာက ရှင်းပြသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများက ပြီးခဲ့သည့်မတ်လ ၁၄ ရက်ကစတင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုစာရင်း ကောက်ခံခြင်းများပြုလုပ်ခဲ့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်ထောင်စုစာရင်းထဲမှာ လူငယ်တွေပါလား၊ လူဘယ်လောက်ရှိလည်း၊ စုံစုံလင်လင်ရှိလား၊ အလုပ်ထွက်လုပ်နေတာတွေရှိလားပေါ့၊ ပြီးတော့ အိမ်ထောင်စုစာရင်းထဲကလူတွေ အိမ်မှာရှိ၊ မရှိကိုလည်း ခဏခဏ ဝင်စစ်မယ်ပြောတယ်၊ စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့လူငယ်တွေအိမ်မှာမရှိရင် ပြန်ခေါ်ပေးရမယ်တဲ့”ဟု ၎င်းကဆိုသည်။
အသက် ၂၀ ကျော်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များကို စာရင်းပြုစုပြီး ၎င်းတို့အနက် ပထမဆုံးအပတ်စဉ် ၁ အတွက် စစ်မှုထမ်းရန်ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်ခုလျှင် အနည်းဆုံး ၃ ဦးကို မဲနှိုက်ရွေးချယ်နေကြောင်း အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“မဲပေါက်လို့ လူငယ်တွေက စစ်မှုမထမ်းချင်လို့ ထွက်ပြေးရင်လည်း အိမ်ကကျန်ခဲ့တဲ့ မိဘတွေကို အရေးယူမှာတဲ့၊ ပိုက်ဆံရှိတဲ့ မိသားစုတွေကတော့ ငွေပေးတာတွေလုပ်ကြတယ်။ သိန်း ၃၀၊ ၄၀ ပေးရတယ်ကြားတယ်။အဆင်မပြေတဲ့ မိသားစုတွေကတော့ ဘယ်လိုတွေလုပ်ကြမလည်းမသိဘူး။ ထွက်ပြေးရင်လည်း မိဘက ထောင်ကျဦးမယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်အရာရှိကြီးတစ်ဦး တည်းခိုနေသည့် ဟိုတယ်အနီးတွင် လုံခြုံရေးများတင်းကျပ်စွာချထားပြီး ထိုလမ်းမှ ဖြတ်သွားသည့်ပြည်သူများအား ဖမ်းဆီးကာ ဒဏ်ငွေရိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။